အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

မောင်တောနခခ(၅) တိုက်ပွဲ အပြင်းအထန်ဆုံးအဆင့်သို့ ရောက်ရှိလာ (စစ်ကောင်စီ ဗုံးကြဲမှုအတွင်း နေအိမ်အများအပြား မီးလောင်ခဲ့ရ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄

အာရက္ခတပ်တော်(AA) က တိုက်ခိုက်နေသည့် မောင်တော နခခ (၅) တိုက်ပွဲမှာ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး စစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ မှစပြီး စစ်ကောင်စီက မောင်တောမြို့ နေရာအနှံ့အပြားအား  Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဆက်လက်ဗုံးကြဲ တိုက်ခိုက် လျက်ရှိနေကြောင်း သိရသည်။

မျက်မြင်ဒေသခံတစ်ဦးက "ဗုံးသီးတွေကျပြီး ပေါက်ကွဲသံတွေကြားနေရတယ်။ နခခ(၅)နဲ့ ၃ မိုင်ကြား၊ မြို့တွင်းဖက်တွေကိုအဓိကထားဗုံးကြဲချနေပါတယ်။ လက်နက်ကြီး လက်နက်ငယ် ပစ်သံတွေကို အကြီးအကျယ် ကြားနေရတယ်"ဟု ပြောကြားသည်။

၎င်းပြင် နခခ (၅) တပ်ထဲမှ စစ်ကောင်စီတပ်သားများလည်း လက်နက်များဖြင့် ထွက်ပြေးမှုများရှိနေ၍ AA က လိုက်လံရှင်းလင်း ချေမှုန်းနေရသည်ဟု AA နှင့် နီးစပ်သည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီအတွင်းကလည်း စစ်ကောင်စီက Y-12 ဗုံးကြဲလေယာဉ်တစ်စီးဖြင့် နခခ(၅) ပတ်ဝန်းကျင်နှင့် မြို့တွင်းဖြစ်သည့် မြို့မကညင်တန်း၊ အမှတ်(၂)ရပ်ကွက် နာရီစင်နှင့် ဗလီကြီးအနီးစသည့် နေရာများအား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း မောင်တောမြို့ရှိ ဒေသခံရခိုင်နှင့် မွတ်ဆလင်နေအိမ် ၂၀  ကျော်မီးလောင် ပျက်စီးသွားခဲ့ရသည်ဟု မျက်မြင် ဒေသခံများက ပြောသည်

စစ်ရေးလေ့လာသူတစ်ဦးက "နခခ(၅)မကျမီ မောင်တောမြို့ ပြာကျမဲ့အနေအထားမှာ ရှိနေတယ်။ နယ်စပ်ဆိုတော့ စစ်ကောင်စီကအရှက်ရပြီး လက်လွှတ်မပေးချင်တဲ့ သဘောတ ွေ့ရတယ်။ မထူးဇတ်ခင်းသွားနိုင်တယ်။ ရခိုင်စကားပုံရှိတယ်။ ငါးကိုမရ တွင်းကိုဖျက်တဲ့။ ဒေသခံတွေအနေနဲ့ သတိကြီးကြီးထားပြီး နေထိုင်သွားလာဖို့ လိုအပ်တယ်"ဟု ပြောဆိုသည်။

မောင်တောမြို့ နောက်ဆုံး လက်ကျန် နခခ (၅) အားအာရက္ခတပ်တော်(AA) အနီးကပ် မြေပြင် ထိုးစစ်ဆင်နွှဲနေရာ တိုက်ပွဲ အပြင်းထန်ဆုံး အနေအထားသို့ ရောက်ရှိနေပြီး ယနေ့ နံနက်ပိုင်းက စပြီး နခခ (၅) မှ  အမြောက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သံများ ကို မကြားရတော့ဘဲ လေယာဉ်ဖြင့် ဗုံးချသံများကိုသာ ​ကြားနေရသည်ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်၊ Y-12 ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေရာတွင် တိုက်ပွဲဖြစ်သည့် နေရာ အနီးတဝိုက်ကိုသာမက မောင်တောမြို့ထဲကိုလည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။


ဓာတ်ပုံ - စက်တင်ဘာ ၂၉ ရက်၊ နံနက်က စစ်ကောင်စီ၏ဗုံးကြဲမှုကြောင့် မောင်တောမြို့မှ နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဥ်။ (Photo-APM)

ဆက်စပ် သတင်းများ