အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်က မြန်မာရေချိုငါးမှာယူမှုလျှော့ချထား၍ ရခိုင်နယ်စပ်ကုန်သွယ်မှု ၉ဝ ရာနှုန်းအထိကျဆင်းသွား


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 787

ဘင်္ဂလားဒေ့ရှ်က မြန်မာမှ ရေချိုငါးမှာယူမှုလျှော့ချထား၍ ရခိုင်နယ်စပ်ကုန်သွယ်မှု ၉ဝ ရာနှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI)မှ သိရသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရာတွင် ရေချိုငါးတင်ပို့မှာ ၇ဝ ရာနှုန်းခန့်အထိ ရှိခဲ့သော်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေချိုးငါးမှာ ယူမှုကန့်သတ်လိုက်၍ ကုန်သွယ်မှုတန်ဖိုး လုံးဝကျဆင်းနေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) ဥက္ကဋ္ဌ ဦးတင်အောင်ဦးက နိရဥ္စရာကိုပြောသည်။

သူတို့နိုင်ငံရဲ့အခက်အခဲကြောင့် သူတို့မှာလည်း သွင်းကုန်တွေကို နည်းနည်း ကန့်သတ်တယ်ဆိုတဲ့ အနေအထားတွေဖြစ်သွားတယ်။ ဒါကြောင့် အဓိက ကျဆင်းသွားခဲ့ရတယ်ပေါ့လေ။ အဓိကတော့ ကျနော်တို့မှာ ကုန်သွယ်မှုလုပ်တဲ့အထဲမှာ ရေချိုငါးကို အဓိကတင်ပို့မှုက အများဆုံးပါ။ ရေချိုးငါး တင်ပို့က ၆ဝ နဲ့ ၇ဝ ရာခိုင်နှုန်းကြားလောက်မှာရှိပါတယ်။ အခုက ရေချိုငါးက လုံးဝ တင်ပို့မှု ရပ်ဆိုင်းသွားတယ်။ အဲဒီအချိန်ကနေ ရပ်ဆိုင်းသွားခဲ့တယ်ဆိုတဲ့အနေအထားမှာရှိပါတယ်။ ဒါကြောင့် ကုန်သွယ်မှုက ကျဆင်းသွားတာပါဟု ပြောသည်။



ရခိုင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ အဓိကထားတင်ပို့နေရသည့် ရေချိုငါးသည် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့် ငါးမြစ်ချင်းများဖြစ်သည်။

ယခုကဲ့သို့ ရေချိုးငါးတင်ပို့မှု ကန့်သတ်ခံလိုက်ရ၍ ရင်းနှီးမြှုပ်နှံထားရသည့်  ရေချိုးငါး မွေးမြူသူများတွင် အခက်တွေ့ရနေရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်မှစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနာလီ (Sonali)ဘဏ်နှင့် ပုဂ္ဂလိကပိုင် အာဂရနီ(Agrani) ဘဏ်များက မြန်မာကုန်သည်များသို့ ထုတ်ပေးနေသည့် အမေရိကန် ဒေါ်လာကို ကန့်သတ်ခဲ့သည်ဟု မြန်မာဘက်မှ ကုန်သည်များက ပြောသည်။

ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ကုန်သည်များသည် သူတို့ဝယ်ယူမည့်ကုန်စည်များအတွက် လိုအပ်သည့်ဒေါ်လာများကို အစိုးရထံမှ အပြည့်အဝ ဝယ်ယူခွင့်မရကြတော့၍ မြန်မာဘက်မှ ကုန်စည်များကို ဒေါ်လာများဖြင့်ဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေရသည်ဟုလည်း ဆိုကြသည်။

RSCCI ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပထမတုန်းမှာဆိုရင် ၉ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။ အခုက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းတွေကတော့ ပြန်သွားနေတဲ့ အတွက် နည်းနည်းတော့ ကုန်သွယ်မှုက မြင်လာရတယ်။ သွားနေတာတွေ မြင်လာရတယ်။ ဒါကြောင့် ၆ဝ ရာခိုင်နှုန်းလောက်အထိတော့ ဖြစ်သွားတယ်လို့ကျနော်ကတော့ သုံးသပ်ထားတာပါဟု ဆက်ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းသာရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ၃ ဒသမ ၅၇ သန်းနှင့် သွင်းကုန်တန်ဖိုး ဝ ဒသမ ၈၈ သန်းဖိုးရှိခဲ့သည်ဟု RSCCI စာရင်းအရ သိရသည်။



ယင်းအထဲတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ဆိပ်ကမ်း)မှ ၂ ဒသမ ၅၂ သန်းဖိုးနှင့် စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ ဆိပ်ကမ်း)မှ ၁ ဒသမ ၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ကာလတူ ၄ လအတွင်းတွင်ဆိုလျှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၁ သန်းဖိုးအထိ ဆောင်ရွက်နိုင်ခဲ့သည်ဟု RSCCI စာရင်းအရ သိရသည်။

ယင်းကြောင့် ယခုနှစ် ၄ လအတွင်း ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်က ၄ အတွင်း ကုန်သွယ်မှု ပမာဏထက် ၆ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။လက်ရှိတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရှမ်းပြည်ဘက်မှလာသည့် ချင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှလာသည့် ကြက်သွန်တို့ကိုသာ အဓိက တင်ပို့နေရပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာသို့သွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ