- Web Master
- ၁၁ အောက်တိုဘာ ၂၀၂၄
ဂျွန်နသန်၊ အောက်တိုဘာ ၁၅/၂၀၂၄
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဘေးကင်းဇုန်တစ်ခုထားရှိပေး ရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲ မိုဟာမက်ယူနွတ်စ်က ကုလသမဂ္ဂထံ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ အာမခံသည့် ဘေးကင်းသောဇုန်တစ်ခုကို ထားရှိပေး ရန်နှင့် ၎င်းတို့အား ထောက်ပံ့ရန် နည်းလမ်းများ ကိုရှာဖွေရန်ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲလည်းဖြစ်၊အကြံပေးအရာရှိချုပ်ဖြစ်သူ ပါမောက္ခ မိုဟာမက်ယူနွတ်စ်သည်ကုလသမဂ္ဂအထူးကိုယ်စားလှယ် အင်ဒရူးစ်နှင့် အောက်တိုဘာ(၁၄)ရက်ကတွေ့ဆုံခဲ့စဉ်အတွင်း အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းသည်။
"ဒါဟာ သူတို့အတွက် အကူအညီတွေ ရဖို့ အကောင်းဆုံးအရာပါပဲ” ဟု ယူနွတ်စ်က ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကောင်းမွန်သည့် အစကနဦး တစ်ခု ဖြစ်နိုင်ပြီး ထောင်နှင့်ချီသော ဒုက္ခသည် အသစ်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ထပ်မံ ဝင်ရောက်လာခြင်းမှ လည်းကာကွယ်တားဆီးပေး နိုင်မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောဆိုသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်သည် ပါမောက္ခ မိုဟာမက်ယူနွတ်စ်၏ရုံးခန်းသို့လာရောက်တွေ့ဆုံစဥ်အတွင်း ယူနွတ်စ်က ထိုသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်၍ ၎င်း၏ အဆိုပြုချက်သုံးရပ်အတွက်လည်း ပါမောက္ခ မိုဟာမက်ယူနွတ်စ်အား ကျေးဇူးတင်ရှိကြောင်းအင်ဒရူးစ်ကပြောဆိုခဲ့သည်။
အထူးကိုယ်စားလှယ် အင်ဒရူးစ်သည် ပြီးခဲ့သည့်လက ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်၍ ၎င်း၏ အကြံပြုချက်သုံးရပ်အတွက် ယူနွတ်အား ကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် အကြမ်းဖက်မှုများသည် ရခိုင်ပြည်နယ်တွင် ကြီးမားသော အကျပ်အတည်းကိုဖြစ်ပေါ် ခဲ့ပြီး ရိုဟင်ဂျာများ အပါအဝင် အိုးမဲ့အိမ်မဲ့နှင့် ငတ်မွတ်နေသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်းအင်ဒရူးစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာစစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွားများ ဖြစ်ပွားလျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် အနည်းဆုံး လူ (၃.၁ )သန်းသည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၊ယင်းတို့တွင် ရခိုင်ပြည်နယ်မှ သိန်းနှင့်ချီပါဝင် ကြောင်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရိုဟင်ဂျာ (၃၀၀၀၀)ခန့်သည် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ရှိနယ်စပ် စခန်းများတွင် ရိုဟင်ဂျာ တစ်သန်းကျော်ကို လက်ခံပေးထားကြောင်း၄င်းက ပြောဆို သည်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများနှင့် အိုးအိမ်မဲ့ဒုက္ခသည်များနှင့် ပတ်သက်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ ဆွေးနွေးဖို့ ယူနွတ်က အကြံပြုထားသည်။
ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာကို တတိယနိုင်ငံတွင် ပြန်လည်နေရာချထားရေးအတွက် အရှိန်အဟုန်မြှင့်တင်ပြီး ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန်ကိုလည်းယူနွတ်က အင်ဒရူးစ်ကို တောင်းခံခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်ပြီး ICCက စုံစမ်းစစ်ဆေးမှုများနှင့် ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိစ္စကိုလည်း ၄င်းတို့နှစ်ဦးကထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
Dhaka Tribune ကရေးသားထားသည့် “CA Yunus calls for UN-guaranteed safe zones for displaced people in Rakhine” ကို တိုက်ရိုက် မူရင်းသတင်းပါ အချက်အလက်များအတိုင်း ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
-------