သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ကျော် အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅

ထိုင်းနိုင်ငံ စုန်ခလာခရိုင် ဟတ်ရိုင်မြို့တွင် ကုန်တင်ကားကြီးတစ်စီးပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံ သားရွှေ့ပြောင်း အလုပ်သမား ၁၀၁ ဦးတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

စုန်ခလာခရိုင် ဟတ်ယိုင်မြို့ ထုတမ်စောင်ရွာ လမ်းဘေးတွင် ယင်းနေ့နံနက် ၂ နာရီခန့်က ကုန်တင်ကား တစ်စီးပေါ် ပြွတ်သိပ်စွာတင်ဆောင်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားများအနေဖြင့် တခြားနိုင်ငံများတွင် ယခုကဲ့သို့မဖြစ်စေရန် ပြည်ပတွင် တရားဝင် အလုပ် လုပ်ခွင့်ရသည့် MOU စနစ်ကို အချိန်နှင့်တပြေးညီ အမြန်ဆုံးလုပ်ဆောင်ပေးစေချင်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

‘’သူများနိုင်ငံထဲမှာ ခုလိုဒုက္ခရောက်ကြရတာက ကိုယ့်မြန်မာနိုင်ငံသားတွေပဲလေ၊ သူတို့ပြောပြောနေတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ပေါ့၊ လွယ်တာကိုခက်အောင်လုပ်နေမယ့်အစား MOU စနစ်နဲ့ အချိန်နဲ့တပြေးညီ လုပ် ပေးဖို့ အချိန်ကြန့်ကြာတာတွေမဖြစ်အောင်ပေါ့၊ အချိန်ကြန့်ကြာနေတော့ အလုပ်သမားတွေက အကြွေး တင်ထားတာ အတိုးကတက်နေပြီဆိုတော့ တရားမဝင်လမ်းကြောင်းကနေ ရရာနဲ့ပဲ ထွက်လာကြတော့ တာပေါ့’’

အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့နှင့်အတူ ထိုင်းလူမျိုး ယာဉ်မောင်း ၂ ဦးတို့ အဖမ်းခံထားရပြီး ၎င်း မြန်မာအလုပ်သမား ၁၀၁ ဦးတို့ကို ပရာကျွတ်ခီရီခမ်ခရိုင်ကနေ တင်ဆောင်လာပြီး မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စုန်ခလာခရိုင်ရှိပွဲစားကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦး ထွက်ဆိုချက်အရ သိရသည်။

များပြားလှသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးမိခြင်းသည် ဒီတစ်ကြိမ်သာ ဖြစ်ကြောင်း နှင့် ၎င်းဖြစ်စဉ်မှတစ်ဆင့် အလုပ်သမားမှောင်ခိုဆက်စပ်မှုများကို မေးမြန်းပြီး ဆက်လက်ဖော်ထုတ်သွား မည်ဟုလည်း ထိုင်းတာဝန်ရှိသူများက ပြောသည်ဟု ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြထား သည်။

ယခုနှစ်ဆန်းပိုင်းအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖမ်းဆီးခံရမှု ပိုများလာကြောင်း၊ ဖမ်းဆီးရမိသည့် ၎င်းအလုပ်သမားများကို ထိုင်းဥပဒေအရ မြန်မာနိုင်ငံ ဆီပြန်လွှဲပြီး ပြည်ဝင်ခွင့်အပိတ်ခံလိုက်ရမှာဖြစ်ကြောင်း ကိုစောမောင် က ပြောသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အဖမ်းခံနေရ သည်မှာ နေ့စဉ်လိုလိုရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားမျာ;၏ သတင်းတစ်ချို့ ကို ထိုင်းမီဒီယာများတွင်မဖော်ပြဘဲ နေခြင်းများပင်ရှိသည်ဟု ကိုစောမောင် က ပြောသည်။

၎င်းပြင် ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင် စိုင်ယို့မြို့နယ်ထဲတွင် တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၃၀ သည် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်း ထိုင်းသတင်းမီဒီယာများဖြစ်သည့် ကန်ချနပူရီအခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။


Photo ; Thai News

ဆက်စပ် သတင်းများ