သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ထိုင်းအလုပ်ရှင်၏ သေနတ်နှင့်ခြိမ်းခြောက်အလုပ်အခိုင်းခံရသည့် မြန်မာလုပ်သား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ မတ် ၃/၂၀၂၃

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို အလုပ်ရှင်က သေနတ်နှင့် ခြိမ်းခြောက်ကာ အဓမ္မအလုပ်စေခိုင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ကျူးလွန်သည် အတွက် Human Rights and Development Foundation လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) နှင့် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကန်ချနပူရီခရိုင် ဘန့်ကောင်ရွာ ကြံစိုက်ခင်းတစ်ခုတွင် ၎င်းမြန်မာအလုပ်သမား ၁၄ ဦးတို့က လူ့အခွင့် အရေးချိုးဖောက်ခံနေရကြောင်း HRDF အဖွဲ့ထံတိုင်ကြားလာသဖြင့် ကန်ချနဘူရီခရိုင်မှ အုပ်ချုပ်ရေး အဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း HRDF အဖွဲ့က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

HRDF အဖွဲ့သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့အခြေစိုက်သည့်အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ် သမားအရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ကိစ္စများတွင် ဆောင်ရွက်ပေးနေသည့်အဖွဲ့ ဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

‘’ HRDF အဖွဲ့က မဟာချိုင်၊ ဝေလမှာအခြေစိုက်တယ်၊ ဒီဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေနဲ့ပေါင်းပြီး မြန် မာရွှေ့ပြောင်းအလုပ်သမားတွေကို ကယ်နိုင်ခဲ့တာ ’’

အလုပ်ရှင်က သေနတ်ဖြင့်ခြိမ်းခြောက်ပြီး အဓမ္မစေခိုင်းသည့်အပြင် လုပ်ခလစာမရသည်မှာ နှစ်လရှိနေ ပြီဖြစ်ကြောင်း၊ နားရက်မပေးဘဲ သတ်မှတ်ချိန်ထက်ကျော်လွန်ကာ အလုပ်စေခိုင်းနေပြီး ကိုယ်ထိလက် ရောက် ညှင်းပန်းနှိပ်စက်မှုများလည်းရှိကြောင်း သိရသည်။

အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၄ ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည် အဆိုပါ ကြံစိုက်ခင်းတွင် အလုပ်ရရန် ပွဲစားကို တစ်ဦးလျှင် ဘတ် ၉၅၀၀ စီ ပေးခဲ့ရကြောင်း၊ နံနက် ၄ နာရီတွင် လုပ်ငန်းခွင်ဝင်ခဲ့ရ ပြီး နားရက်မရှိဘဲ အလုပ်ခိုင်းစေခံခဲ့ရကာ ထွက်ပြေးပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ထားကြောင်းလည်း အလုပ်သမားများ၏ ပြောပြချက်ကို ထိုင်းသတင်းဌာန CH 3 PLUS တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သည့်အလုပ်ရှင်ကို ၎င်းနေအိမ်ထဲ ဝင်ရောက်ရှာဖွေ စစ်ဆေးရာတွင် အလုပ်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

NN 24

Photo ; HRDF

ဆက်စပ် သတင်းများ