သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲမှုကြောင့် မူဆလင် ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k


သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၈ / ၂၀၂၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲမှုကြောင့် မူဆလင် ၁ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာမှ ရော်ဖီး (၂၀ နှစ်)ဖြစ်သည်။
သူသည် ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာမှ အာရောအူလ္လာ (၂၈ နှစ်)နှင့် မီးသွေးဖုတ်ရန်အတွက် ၄င်းတို့ကျေးရွာမှ မေယုတောင်ကြောသို့ ယမန်နေ့ မတ်လ ၂၇ ရက်ညနေက ထင်းခုတ်သွားခဲ့ကြစဉ် ရော်ဖီးက ဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိသဖြင့် ကောက်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက နိရဥ္စရာကိုအတည်ပြုပြောသည်။
"မနေ့က ဗုံးပေါက်ကွဲတာဟုတ်တယ်။ လူတစ်ယောက်တော့ သေသွားတယ်"ဟု ပြောသည်။
ယင်းသို့ ပေါက်ကွဲမှုကြောင့် ရော်ဖီးတွင် ဝဲ/ယာလက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်/ရင်ဘတ်စုတ်ပြဲဒဏ်ရာတို့ဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင်သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
သူနှင့်အတူပါရှိခဲ့သည့် အာရောအူလ္လာတွင် ယာကျောပြင်၌ ဗုံးသီးအစထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ