သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေရှိ သံတိုသံစအဟောင်းများဝယ်ယူသည့်ဆိုင်ပိုင်ရှင် ၂ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သံတိုသံစအဟောင်းများဝယ်ယူသည့်ဆိုင်ပိုင်ရှင် ၂ ဦးသည် ယမန်နေ့က ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသူ ၂ ဦးမှာ စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ သံတိုသံစ၊ ပလတ်စတစ်၊ ဘီယာဗူးခွံ စသည့်အဟောင်းပစ္စည်းများဝယ်ယူသည့် “ဇင်” ဆိုင်ပိုင်ရှင် ဦးမောင်အေးသန်းနှင့် ဓညဝတီ(ခ)ရပ်ကွက်မှ အဟောင်းပစ္စည်းအဝယ်ဆိုင်ပိုင်ရှင် ဦးမောင်မောင်တို့ဖြစ်သည်။
သူတို့သည် ယမန်နေ့ မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ လာရောက်ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဦးမောင်အေးသန်း၏ဇနီး ဒေါ်ချိုချိုဝင်းက “မနေ့ကဖမ်းသွားတုန်းကတော့ စစ်တွေအမှတ်(၁)ရဲစခန်းကို ခေါ်သွားတာ။ စစ်ဆေးတာတွေလုပ်ပြီးနောက်တော့ အမှတ်(၂) ရဲစခန်းကို ပို့လိုက်တယ်။ ကျမနဲ့တော့ အခုချိန်ထိမတွေ့ရသေးလို့ ဘာမှမပြောသေးဘူး။ ရဲစခန်းကတော့ ဆိုင်ကိုလာရောင်းတဲ့ပစ္စည်းထဲမှာ ကြေး ၈ ပိဿာရတာကြောင့်လို့ ပြောတယ်” ဟု နိရဥ္စရာသို့ ယနေ့ နေ့လယ်ပိုင်းက ပြောသည်။
အလားတူ ဓညဝတီ(ခ)ရပ်ကွက်မှ ပစ္စည်းအဟောင်းအဝယ်ဆိုင်ပိုင်ရှင် ဦးမောင်မောင်ကိုလည်း ကြေးထည်ပစ္စည်းများကို လက်ခံဝယ်ယူသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
စစ်တွေတွင် ပြီးခဲ့သည့်ရက်ပိုင်းက ညအချိန်တွင် တယ်လီဖုန်းလိုင်း ဖိုင်ဘာကေဘယ်ကြိုးများကို ဖြတ်တောက်ခိုးယူခဲ့သည့်လူငယ် ၂ ဦးအား စစ်တွေအမှတ်(၂)ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေသည်ဟု သိရသည်။
ယင်းလူငယ် ၂ ဦးက ကြေးများကို ယခုဆိုင်ပိုင်ရှင် ၂ ဦးထံ ရောင်းချခဲ့သည်ဟုထွက်ဆိုသည့်အတွက် ထိုဆိုင်ရှင် ၂ ဦးကို စစ်တွေမြို့အမှတ်(၂)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - “ဇင်” သံတိုသံစအဝယ်ဆိုင်နှင့် ကေဘယ်ကြိုးများခိုးယူသည့်လူငယ် ၂ ဦးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ