ကျောက်တော်မြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဉ် လှေနှစ်စီးကြားညှပ်ပါသွား၍ လူတစ်ဦးသေဆုံး
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၂၁ ဧပြီ ၂၀၂၂
-
| ကြည့်ရှုသူ:
1.1k
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အုတ်ကြွတ်ကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က မိုးသက်လေပြင်း ၄၅ မိနစ်ခန့်ကြာ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ အခဇားအုပ်စု၊ အုတ်ကြွတ်ကျေးရွာနေ ဦးမောင်မြသိန်း အသက် (၅၃) နှစ်အရွယ်ဖြစ်သည်။
၎င်းသည် လေပြင်းတိုက်ခတ်အချိန် ကျေးရွာအနီးမှ လှေငယ်အား လုံခြုံသည့်နေရာသို့ ကြိုးဖြင့် ဆွဲယူလာစဥ် လှေနှစ်စီးကြာတွင် ညှပ်ကာ သေဆုံးသွားကြောင်း အုတ်ကြွတ်ကျေးရွာမှ ရပ်မိရပ်ဖ ဦးမောင်ကံဌေးက နိရဉ္စရာသို့ ပြောသည်။
" သူ့လှေကို လေပြင်းတိုက်တော့ လုံခြုံတဲ့ ရွာအနီးက နေရာတစ်ခုကို ကုလားတန်မြစ်ကမ်းနားအတိုင်း ဆွဲလာတာ။ အဲအချိန်မှာ လေပြင်းတွေ တိုက်တော့ လှေကို ထိန်းမနိုင်တော့ မြစ်ထဲ ပါသွားတယ်။ အဲဒါတာကို သွားဆယ်တဲ့အခါမှာ လှေနှစ်စီးကြားညှပ်ပါသွားပြီး ပွဲချင်းပြီဆုံးသွားတာ။ မိနစ် ၂၀ ကြာမှာ ချောင်းထဲက အလောင်းတွေ့ပါတယ်" ဟု ပြောသည်။
သေဆုံးသွားသူမှာ ဇနီးဖြစ်သူနှင့် သမီး (၄) ဦး ကျန်ခဲ့ပြီး အလောင်းအား ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အုတ်ကြွတ် ကျေးရွာသုဿာန်တွင် သဂြိုလ်သွားမည်ဟု သိရသည်။