သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တွင် သူခိုးများကဓားဖြင့်ခုတ်၍ နွားခြံစောင့် ၂ ဦးကို ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၂

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာတွင် နွားသူခိုးများက ဓားဖြင့်ခုတ်၍ နွားခြံစောင့် ၂ ဦး၌ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။

ပြင်းထန်ဒဏ်ရာရသွားသူများမှာ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာမှ ဒီလ်မာမောက်(၃၅)နှစ်နှင့် မောရဝတီကျေးရွာမှ ဦးမဲဒုတ်(၆၀)နှစ်ခန့် တို့ဖြစ်သည်။

သူတို့ နှစ်ဦးမှာ မောရဝတီကျေးရွာရှိ နွားခြံတစ်ခုတွင်အလုပ်လုပ်နေသူများဖြစ်ကြပြီး  ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်အစောကြီး  ညဥ့် နာရီကျော်တွင်ယင်းနွားခြံသို့ နွားလာခိုးသူများက ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ပန်းတောပြင်ရွာသားတစ်ဦးက "ဒဏ်ရာကတော့ ပြင်းလို့ သူတို့ကို မောင်တောဆေးရုံကိုပို့ထားရတယ်။ ဒဏ်ရာကပြင်းတယ်။ ဘယ်လို အနေအထားရှိနေတယ်ဆိုတာတော့ မသိရသေးဘူး"ဟု ပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် မောရဝတီကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးကလည်း နွားသူခိုးများထံ နွားခြံစောင့် ဦး ဓားခုတ်ခံရသည်မှာဟုတ်မှန်ပြီး သူ ဆေးရုံတွင်အလုပ်များနေသည့်အတွက် အသေးစိတ်မပြောနိုင်သေးဟု ပြောသည်။

အဆိုပါနွားခြံတွင် ယခင်က အစောင့်များမရှိ၍ နွားအချို့ပျောက်ဖူးသည့်အတွက် ယခုကဲ့သို့ ခြံစောင့်များထားကာ စောင့်ခိုင်းထားရချိန် နွားသူခိုးများ၏တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလခန့်ကလည် မောင်တောမြို့နယ် မောရဝတီကျေးရွာ၊ အလယ်သံကျော်၊ သရီကုန်ဘောင်နှင့် ဥဒေါင်းကျေးရွာတို့မှ နွားကောင်ရေ ၁၀ ကျော် အခိုးခံလိုက်ရသည်ဟု သိရသည်။

မောင်တောတွင် နွားသူခိုးများသောင်းကျန်းနေပြီးခိုးယူရရှိသည့်နွားများကို တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှေများဖြင့် တရားမဝင် ခိုးယူရောင်းချမှုများရှိနေသည်ကို သက်ဆိုင်ရာဒေသအာဏာပိုင်များကို တိုင်တန်းကြသော်လည်း ဖော်ထုတ်အရေးယူပေးခြင်းမျိုးမရှိဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်း မောင်တော-အငူမော်လမ်းတစ်လျှောက်ရှိ ဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ သရီကုန်ဘောင်၊ ရွှေဗဟို၊ ကိုင်းကြီး၊ မောရဝတီ၊ ဥဒေါင်းနှင့် အင်းဒင်စသည့် ကျေးရွာများသည် နွားမွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ