သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့်အမျိုးသား၏ အလောင်းကို ၃ ရက်ကြာမှပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ ဇန်နဝါရီ ၂/ ၂ဝ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေနစ်မြုပ်ပျောက်ဆုံးသွားသည့် အမျိုးသား၏အလောင်းကို ၃ ရက်အကြာ ယနေ့တွင် ပြန်လည်တွေ့ရှိခဲ့ပြီဟု သိရသည်။

၎င်းမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးကျော်သန်း (၄၃)နှစ်ဖြစ်သည်။

သူ၏အလောင်းကို ယနေ့ ဇန်နဝါရီလ ၂ ရက်၊ နံနက် ၉ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီး ကုလားတန်မြစ်ကမ်းစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီရှာဖွေပေးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလောင်းမှာက ထိခိုက်ဒဏ်ရာတွေ မရှိပါဘူး။ ဒီအတိုင်း ရေနစ်မြုပ်ပြီးဆုံးသွားတာမို့လေ။ သူက ရေထဲကို ဒီအတိုင်းပြုတ်ကျသွားတာကိုလည်း လူတွေက မြင်လိုက်တော့လေဟု ပြောသည်။

ဦးကျော်သန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်၊ နံနက် ၆ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရားရှေ့ ဖောင်တော်ငယ်မှ တစ်ဆင့် မြစ်ထဲသို့ ပြုတ်ကျပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူ့ကို ယင်းနေ့မှစတင်ကာ ပုဏ္ဏားကျွန်းမြု့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDY O)အပါအဝင် ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း(PSYK)နှင့် မိသားစုဝင်များက နေ့စဉ် ပူးပေါင်းရှာဖွေခဲ့ရာ ယနေ့တွင် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု PDY O မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းအား ဓမ္မပါလနာရေးကူညီမှုအသင်းကားဖြင့် သယ်ယူကာ ပုဏ္ဏားကျွန်းမြို့သုသာန်၌ သဂြိုလ်ပေးခဲ့သည်ဟုလည်း သိရသည်။


ရေနစ်မြုပ်သေဆုံးသူသည် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် မိသားစုနှင့်နေထိုင်သူဖြစ်ပြီး လက်လုပ်လက်စားတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ  ၂ ရက်အတွင်း ကျောက်ဖြူမြို့နယ်မှ သားမိ ၃ ဦးအပါအဝင် ပုဏ္ဏားကျွန်းတွင် ၁ ဦးနှင့် ရသေ့တောင်မြို့နယ်တွင် ၁ ဦး ရေနစ်သေဆုံးခဲ့သေးသည်။

ဆက်စပ် သတင်းများ