တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ရခိုင်က မာန်အောင်တွင် စစ်ရေးသတင်းများကို အရပ်ဝတ်ဖြင့် လူထုကြားလျှိုဝှက်နေရာယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၂၂ / ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း လုံး၀ မရှိသေးသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီ ထောက်လှမ်းရေးများသည် အရပ်ဝတ်ဖြင့် လူထုအကြားသွားလာလှုပ်ရှားကာ သတင်းများကို လျှို့ဝှက် ရယူနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားပြီး သွားလာ နေထိုင်ကြရန် လိုအပ်ကြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ 

"စစ်ကောင်စီတပ်သားတွေက စီးပွားရေးတွေမှာ ရှယ်ယာဝင်တယ်။ ပြီးတော့ စီးပွားရေး သမားတွေနဲ့ရောပြီးတော့ စီးပွားရေးသမားလိုလိုနဲ့ အရပ်ဝတ်တွေ ဝတ်ပြီးတော့ ရွာတွေကို ဝင်လာတယ်။ ပြီးတော့ စီးပွားရေးကို အကြောင်းပြပြီးတော့ သတင်းရယူဖို့ ကြိုးစားတယ်" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စီးပွားရေးသမားများနှင့် ပူးပေါင်းကာ မာန်အောင်ကျွန်းမှ ကျေးရွာများနှင့် မြို့ပြရပ်ကွက်များသို့ အရပ်ဝတ်ဖြင့် နေ့တိုင်းလိုလို ဝင်ရောက်လျက်ရှိပြီး သတင်းရရှိရန် အသည်းအသန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

“ သူတို့က လူထုကြားထဲဝင်ပြီး သတင်းတွေယူတယ်။ အထူးသဖြင့် အေအေ သတင်းတွေကို ရယူတာဖြစ်တယ်။ တစ်ဘက်မှာလည်း အေအေ တပ်တော် မာန်အောင်ကို ဝင်လာမှာကို အရမ်းကြောက်နေကြတယ်။ နေရာတိုင်းမှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေရှိနေတယ်။ စားသတိ၊ လာသတိ၊ ပြောသတိ ရှိဖို့ လိုပါမယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့် ဒေသတွင်း စီးပွားရေးသမားများအားလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး ကုန်ပစ္စည်း များကိုလည်း သိမ်းယူနေသည်ဟု အထက်ပါဒေသခံက ဆိုသည်။

"မာန်အောင်ကျွန်းသို့ လာတဲ့ဘုတ်တွေမှာ ပစ္စည်းတန်ဖိုး သိန်းထောင်နဲ့ချီလို့ ပါတဲ့ ဘုတ်‌တွေရှိတယ်။ အဲဒီဘုတ်တွေဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဖမ်းတယ်။ ပြီးတော့ ဘုတ်မှာပါလာတဲ့ ပစ္စည်းတွေကို သိမ်းတယ်။ နောက်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ သူတွေကို ဈေးလျှော့​ပြီးတော့ ပြန်ရောင်းတယ်" ဟု ပြောသည်။

လက်ရှိတွင် မာန်အောင်ကျွန်းအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖွဲ့စလုံးက စစ်ရေးလှုပ်ရှားမှုများမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စီးပွားရေး သမားများကို အကျပ်ကိုင်ပြီး သတင်းများကို ရယူရန်ကြိုးစားလျက်ရှိသည်ဟု ဆိုသည်။

မာန်အောင်ကျွန်းတွင် စစ်ကောင်စီအခြေစိုက် ခမရ (၃၄၄) နှင့် မျှော်တော်ဦးရေတပ်စခန်းတို့ ရှိကြောင်း သိရှိရသည်။

ပုံစာ- မာန်အောင်မြို့အဝင် ချောင်း၀အဝင် မြင်ကွင်း (ဓာတ်ပုံ- နိရဉ္စရာ)

ဆက်စပ် သတင်းများ