တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မောင်တောတွင် နွားပျောက်ရှာသည့် ရခိုင်အမျိုးသားတစ်ဦး ဓားခုတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နွားပျောက်ရှာသည့် ရခိုင်အမျိုးသားတစ်ဦးသည် ဓားခုတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားခုတ်ခံရသူမှာ မောင်တောမြို့နယ်၊ ရွှေဗဟိုလ်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးမောင်အေးချို ဖြစ်သည်။

သူသည် ပျောက်ဆုံးသွားသည့် နွားတစ်ကောင်ကို နိုဝင်ဘာလ ၈ ရက်က ရွှေဗဟိုလ်ကျေးရွာ၏ အရှေ့ဘက်၊ (အမက)စာသင်ကျောင်း၏ အနောက်ဘက် တောင်ကုန်းသို့ အဖော်များနှင့် သွားရှာစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ အဖွဲ့ဝင် ၄ ဦးက ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

" ခန့်မှန်းတာတော့ အာဆာတွေဖြစ်ဖို့များတယ်။  ဒဏ်ရာရတဲ့သူကတော့ စိုးရိမ်စရာမရှိပေမယ့် ခုချိန်ထိ ကြောက်လန့်နေတယ်" ဟုပြောသည်။

ဓားဖြင့် ခုတ်ခဲ့သူများတွင် ဓားနှင့် သေနတ်များ ကိုင်ဆောင်ပြီး နွားပျောက်ရှာဖွေသူများကို လိုက်ဖမ်းခဲ့ရာ ထွက်ပြေးလွတ်မြောက်ခြင်းမရှိသူကို ယခုကဲ့သို့ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ပြောသည်။




"ပထမသူတစ်ယောက်တည်း သွားရှာတယ်။ ရှာမတွေ့တော့ အဖော်တွေခေါ်သွားတယ်။ နောက်နေ့တွေမှာ နွားရှာလို့ ငါးရက်မြောက်နေ့မှ အဲလို တောင်ကနေ လူတချို့ ဆင်းလာတယ်။ သူတို့ကိုလိုက်ဖမ်းတော့ ပြေးတယ်။ အဲဒီထဲမှာ မပြေးနိုင်တဲ့သူ အခုတ်ခံလိုက်ရတယ်။ သူက ဆူးချုံထဲကိုဝင်ပြေးလို့ အများကြီး မထိလိုက်ဘူး" ဟုပြောသည်။

နွားပိုင်ရှင်မှာ ဦးစောသိန်းအောင်ဖြစ်ပြီး အခုတ်ခံရသူမှာ သူနှင့်အဖော်လိုက်ပေးသူ လေးဦးထဲမှ ဦးမောင်အေးချိုဖြစ်သည်။

ဓားဖြင့်ခုတ်ခဲ့သူများမှာ မည်သည့်အဖွဲ့မှဖြစ်သည်ဆိုသည်ကိုလည်း နိရဥ္စရာအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ စစ်ကောင်စီရဲစခန်းနှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်တန်းထားကြောင်း သိရသည်။ (NN-11) 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ