တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တောတွင် ရပ်ကွက်တစ်ခုကို လူငယ် ၃၀စီ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူရာမှ မွတ်ဆလင်လူငယ်ရာနှင့်ချီပြီး ဘင်္ဂလားဘက်သို့ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂ /၂၀၂၄

ရခိုင်ပြည် အနောက်ဘက်စွန်ဆုံး မောင်တောမြို့၌ ရပ်ကွက် တစ်ခုကို လူငယ် ၃၀ စီ ရက်တို စစ်သင်တန်းတက်ရန်  စစ်ကောင်စီက အတင်းဓမ္မတောင်းခံနေ၍ လူငယ်အများအပြား ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

မြို့မ ကညင်တန်းရပ်ကွက်မှ မွတ်ဆလင် လူကြီးတစ်ဦးက "ရပ်ကွက်တစ်ခုကို လူငယ်အယောက် ၃၀ စစ်မှုထမ်းဖို့‌ စု‌ဆောင်းပေးရမယ်။ စစ်သင်တန်း  တက်ရမယ်လို့ ထပ်မံ အသိပေးလာတယ်။ မလိုက်နာရင် ဖမ်းဆီးမယ်။ ပစ်သတ်မယ်။ အဲသလိုမျိုး ခြိမ်း‌ခြောက်ပြောတယ်။ လူငယ်‌တွေက လက်နက်ကိုင်ပြီး တိုက်ပွဲ မဝင်ချင်ကြဘူး။ အမေအဖေတွေနဲ့ မိသားစုတွေလည်း သဘောမတူကြဘူး။ သူတို့ဆီမှာလည်း အဖမ်းမခံနိုင်ဘူး။ ဖမ်းမိရင်  အဓမ္မစစ်တိုက်ခိုင်းကြမှာ။ ဒါကြောင့် ဘင်္ဂလား‌ဖက်ကို လူငယ်တွေ ထွက်‌ပြေးသွာကြရတယ်"ဟု ပြောကြားသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အာဆာ၊ အာရ်အက်စ်အို လက်နက်ကိုင်တပ်ဖွဲ့ များသည်  မောင်တောမြို့ပေါ်ရှိမွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများရှိ လူငယ်များအား နည်းမျိုးစုံဖြင့် စည်းရုံးပြီး အာရက္ခတပ်တော်အား ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် လူသစ်များ စုဆောင်းကာ ရက်တိုစစ်သင်တန်းများ ပေးလျှက် ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

"ပညာမတတ်၊ မသိနားမလည်ကြတဲ့ လူငယ်တွေကို စည်းရုံးလို့ရနေကြတာတွေ ရှိတယ်။ ပညာ  တတ်ပြီး သိရှိနားလည်ကြတဲ့ ဘယ်မွတ်ဆလင်လူငယ်မှ စစ်ကောင်စီဖက်မှဝင်ရောက်ပြီး လက်နက်ကိုင် စစ်တိုက်မပေးဘူး။ ဘင်္ဂလာဖက်က ခေါ်လာတဲ့လူငယ်တွေလည်း မသိနားမလည်တဲ့ အရွယ်လေးတွေဖြစ်နေတာတွေ့ရတယ်။ စစ်တပ်ကအင်အား မရှိတောဘူး။ ကျွန်တော်တို့ မွတ်ဆလင် လူငယ်တွေကို လက်နက်ကိုင်ခိုင်းပြီး အသုံးချနေတာ" ဟု ဒေသခံ မွတ်ဆလင် လူကြီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသည်သူ၏ လက်ကိုင်တုတ်များဖြစ်ကြသည့် ARSA၊RSO၊ARA လက်နက်ကိုင် အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်လူငယ်များအား ဘင်္ဂလာနယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မောင်တောဖက်သို့ ခေါ်ယူကာ စစ်မှု ထမ်းခိုင်း‌သောကြောင့် လက်ရှိတွင် လူငယ် ၂၀၀၀ ကျော်ခန့်သည် စစ်ကောင်စီလက်အောက်၌ စစ်မှုထမ်းပြီး လက်နက်ကိုင် တိုက်ပွဲဝင်လျှက် ရှိနေကြသည်ဟု သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ နေ့ ၌ မောင်တောမြို့ အနီးဝန်းကျင်တွင် အေအေနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီသင်တန်းဆင်းပြီးစ မွတ်ဆလင်လူငယ်များနှင့် တစ်ခြားလက်နက်ကိုင် အဖွဲ့များမှ တပ်ဖွဲ့ဝင် ၃၀၀ ​ကျော်ကျဆုံးခဲ့ရသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ခွဲ့နခခ( ၅ )နှင့် မြို့သိမ်း တိုက်ပွဲ၌ အာရက္ခတပ်တော်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီနှင့် အပေါင်းအပါ  လက်နက်ကိုင်တပ်ဖွဲများမှလည်း အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက် လျှက်ရှိနေကြောင်း သိရသည်။

ပုံစာ- ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးခိုလှုံစဉ် ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးခံရသည့် မောင်တောမြို့မှ လူငယ် ၂ ဦးနှင့် မိခင်ဖြစ်သူအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ