တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ သိမ်တောင်စစ်ကောင်စီစခန်းကုန်းကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ သိမ်တောင် စစ်ကောင်စီစခန်းကုန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရမ်းဗြဲမြို့ခံတစ်ဦးက “ အခု မနက် ၈နာရီလောက်ကစပြီး အပြန်အလှန်တိုက်ပွဲ ပြင်းထန်နေတယ်။ လက်နက်ကြီးသံနဲ့ စက်သေနတ်သံတွေ ဆူညံနေတယ်။ သိမ်တောင်မှာရှိနေတဲ့ စစ်သားတွေကို ကိုယ့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ” ဟု  နိရဉ္စရာသတင်းဌာနကို ပြောသည်။

၎င်း သိမ်တောင် စခန်းကုန်းသည် ရမ်းဗြဲမြို့ ၊ တောင်ဥက္ကလာရပ်ကွက်တွင် တည်ရှိပြီး  ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီလောက်က စတင်ကာ ရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျ‌ရောက်မှုကြောင့် သိမ်တောင်ခြေရင်းရှိ တောင်ဥက္ကလာရပ်ကွက်အတွင်း နေအိမ်တစ်ချို့ မီးလောင်နေသည်ကို မြင်တွေ့နေရသည်ဟု ရမ်းဗြဲမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ အခုလက်ရှိ သိမ်တောင်ခြေရင်းက ရပ်ကွက်မှာ မီးခိုးထွက်နေတာတွေ့ရတယ်။ အခု မနက် ၉နာရီ ကျော်အထိ တိုက်ပွဲဖြစ်နေတုန်းပါ” ဟုပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် ည ၇နာရီခန့်ကလည်း ရမ်းဗြဲ ချောင်းဝဖက်မှ နေဗီများမှ ရမ်းဗြဲမြို့ဘက်ကို  လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခဲ့သည်ဟု ၄င်းကပြောသည်။

ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့က ရမ်းဗြဲမြို့၏တောင်ဖက်မီတာ (၂၀၀) ကွာဝေးသည့် အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ်၊ နေဗီနှင့် တပ်ရင်းကုန်းများမှ လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒီဇင်ဘာလ ၁၈ ရက်မွန်းလွဲပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများမှ ဘေးလွတ်ရာကျေးရွာများသို့ မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသသည်ဟု  သိရသည်။(NN-11)

ပုံစာ- ရမ်းဗြဲမြို့ တောင်ဥက္ကလာပ ရပ်ကွက်က မီးခိုးလုံးများတက်လာသည်ကို မြင်တွေ့ရစဉ်

ဆက်စပ် သတင်းများ