ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

သံတွဲတွင် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ၄ ပေခန့်အထိ ရေတက်ခဲ့သော်လည်း လက်ရှိရေကျသွားပြီဟုဆို


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 817

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားသည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံတွဲချောင်းရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့ကာ  သံတွဲမြို့  ချောင်းအနီးရပ်ကွက်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေ ၄ ပေခန့်အထိ နစ်မြုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ရေကျသွားပြီဟု  ဒေသခံများက ပြောသည်။

ယနေ့ သြဂုတ် ၂ ရက်၊ နံနက် ၁၀ နာရီခန့်အထိ ချောင်းရေလွှမ်းမိုးမှုရှိခဲ့ပြီး ယင်းနောက်ပိုင်း ဒီရေကျသည်နှင့် မြို့ထဲသို့ဝင်ရောက်နေသည့်ရေများလည်း ကျဆင်းသွားကြောင်း သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

"အခုညနေပိုင်းတွေမှာတော့ အားလုံးကျသွားပါပြီ။ မြေနိန့်ပိုင်းရပ်ကွက်တချို့တော့ မနက်က မြုပ်ခဲ့တယ်"ဟု ပြောသည်။



ယမန်နေ့ဩဂုတ်လ ၁ ရက်၊ ညနေ ၄ နာရီခွဲအချိန်တိုင်းထွာချက်အရ သံတွဲချောင်းရေသည် မြို့၏စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့်ကျော်လွန် ရောက်ရှိလာနေ၍ မြစ်ကမ်းအနီးနေထိုင်သူများ အထူးသတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့်  မုန်တိုင်းငယ်၏ အရှိန်ဖြင့် ဇူလိုင်လ ၃၁ ရက်ညပိုင်းကပင် ရခိုင်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုရှိနေဆဲ ဖြစ်ပြီး သံတွဲမြို့နှင့် တောင်ကုတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့တွင် ချောင်းရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဘင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်သွားပြီဟု ယနေ့ နံနက် ၅ နာရီ တိုင်းထွာချက်အရ သိရကြောင်း မြန်မာ့ မိုးဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Aung Kyaw Soe (သံတွဲရေကြီးခဲ့စဉ်)

ဆက်စပ် သတင်းများ