တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

တပ်စခန်းဆောက်ရာတွင် အသုံးပြုရန်နှင့် ရောင်းချရန် စစ်ကောင်စီတပ်က တင်းမကျေးရွာမှ လူနေအိမ်များကို ထပ်မံဖြိုဖျက်နေ


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရွာသားများထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်တော်မြို့နယ် အိမ်ခြေ ၅၀၀ ကျော်ရှိသည့်  တင်းမကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သားများက တပ်စခန်းတည်ဆောက်ရာတွင် အသုံးပြုရန်နှင့် ပြင်ပတွင်ရောင်းချရန် ဖြိုဖျက်နေကြောင်း သတင်းရရှိသည်။

လူနေအိမ်များမှ သစ်များ၊ ပျဉ်များ၊ တိုင်များနှင့် ခေါင်မိုး သွပ်များကို စခန်းတည်ဆောက်ရာတွင် အသုံးပြုရန်နှင့် တချို့ကို ရောင်းချရန် ဖြိုဖျက်နေခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ က တင်းမရွာ စျေးကြီးပိုင်းတွင် ကျန်ရှိနေသည့် နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံ ဖြိုဖျက်နေခြင်း ဖြစ်ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ဟိုတစ်နေ့က (စက်တင်ဘာ ၁၁ ရက်)တည်းက အိမ်တွေကို ဖြိုဖျက်သံတွေကြားနေရတယ်။ တင်းမရွာ စျေးကြီးပိုင်းက ကျန်ရှိနေတဲ့ နေအိမ်အကောင်းတွေကို ဖြိုဖျက်နေတာပါ။ စခန်းဆောက်ရာမှာ သုံးဖို့နဲ့ ပိုတာတွေကို ရောင်းချစားသောက်ကြဖို့ ဖြိုနေကြတာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ယခုသို့ လူနေကျေးရွာမှ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်က ဖြိုဖျက်နေသည်မှာ မပြုလုပ်သင့်ကြောင်း၊ ပြည်သူပိုင်ပစ္စည်းများကို မဖျက်ဆီးရဟု စစ်သည်တော်ကျင့်ဝတ်တွင် ပါဝင်ကြောင်း၊ ယခုကဲ့သို့ ဖြိုဖျက်နေသည်ကို စစ်ကောင်စီနှင့် အပစ်ရပ်ထားသော ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ဥပဒေနှင့် အညီကာကွယ်ပေးစေလိုကြောင်း ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“ အိမ်ဘယ်လောက် ဖျက်သွားတယ်ဆိုတာတော့ ဝင်ကြည့်ဖို့မရတဲ့အတွက် မသိရဘူး။ ဖြိုဖျက်နေတာကိုက အနီးအနားကလူတွေ အားလုံးကြားနေ၊ သိနေကြ တာပါ။ ဒီလို ဖျက်ဆီးနေတာတွေကို ရက္ခိုင့်တပ်တော်အနေနဲ့ ဥပဒေနဲ့အညီကာကွယ်ပေးဖို့ ရွာသားတွေက လိုချင်နေကြပါတယ်”  ဟု ပြောဆိုသည်။



၂၀၂၂-ခုနှစ် ဇွန်လ ဒုတိယအပတ်ကလည်း တင်းမရွာတွင် အခိုင်အမာဆောက်ထားသည့် နေအိမ်များကို စစ်ကောင်စီတပ်ကဖျက်ယူပြီး တပ်စခန်းတည်ဆောက်ရာတွင် အသုံးပြုသကဲ့သို့ တချို့ကိုလည်း ရောင်းချခဲ့သည်ဟု ကျေးရွာသားများက ပြောဆိုသည်။

၎င်းပြင် ကျေးရွာသားများတွင် ကျန်ရှိနေခဲ့သည့် ကျွဲ၊ နွားများကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ် စားသောက်သည်သာမက ဖမ်းယူရောင်းချမှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု ပြောဆိုသည်။

၂၀၂၀-ခုနှစ် မတ်လအတွင်းက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တင်းမကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့သည့်အတွက် ကျေးရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀၀ ကျော် ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

ထို့အပြင် တင်းမကျေးရွာအနီး တောင်ရှည်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီအမှတ် (၅၅) တပ်မှ စစ်ကောင်စီတပ်သားတချို့သည် ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့တို့တွင်ရွာထဲ ဝင်ရောက်လာပြီး ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီးနှင့် ဦးကျော်ဝင်းမောင်အပါဝင် ကျေးရွာသား ၁၈ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ၎င်းရွာသားများမှာ ယနေ့အချိန်အ ထိ ပျောက်ဆုံးနေသည်။

ကျေးရွာသားများအနေဖြင့် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာသား ၁၈ ဦးနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို အသိပေးရန်နှင့်  ရွာသားများအားလည်း ရွာပြန်ခွင့်ရရန် ပြည်နယ်အစိုးရပါအဝင် တာဝန်ရှိသူများကို အကြိမ်ကြိမ် စာရေး တောင်း ဆိုတင်ပြခဲ့သော်လည်း လက်ရှိ အချိန်ထိ ခွင့်ပြုချက်မပြုသေးဟု သိရသည်။

၎င်းပြင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ပျက်စီးသွားသည့် ဘုန်းတော်ကြီး ကျောင်းအပါအဝင်  သာသနိကအဆောက် အဦးတချို့ကို ပြန်လည်ပြုပြင်ရန်အတွက် ရွာပြန်ခွင့်ရဖို့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိ သူများကို ကျေးရွာသားများက စာရေးတင်ပြထား သော်လည်း ယနေ့အချိန်အထိ ထူးခြားမရှိသေးကြောင်း သိရသည်။

“ တိုက်ပွဲလည်းမရှိတော့ဘူး။ နယ်မြေလည်း တည်ငြိမ်နေပြီ။ ရွာသားတွေ  ရွာပြန်ခွင့် ရဖို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူတွေကို စာရေးတင်ပြထားတာလည်း ၉ ကြိမ် ရှိပါပြီး။ အခုအချိန်ထိတော့ တစ်စုံတရာ တုန့်ပြန်တာမရှိသေးဘူ။ ဥပေက္ခာ ပြုထားတယ်။ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

ရွာသားများအား ရွာပြန်ခွင့်မပြုပေးသလို တစ်ဖက်တွင်လည်း ရွာသားများပိုင်ဆိုင်သည့် နေအိမ်အဆောက်အဦးများကို စစ်တပ်က ဖြိုဖျက်ရောင်းချနေခြင်းမှာ မဖြစ်သင့်ဟု ၎င်းက ပြောဆိုသည်။

တင်းမကျေးရွာသား ၃၀၀၀ ကျော်ခန့် မှာ ၄ နှစ်နီးပါးကြာသည့်တိုင်အောင် အိမ်မပြန်နိုင်ဘဲ ယခုအချိန်အထိ စစ်ဘေးရှောင်စခန်းများနှင့် ကျောက်တော် အပါအဝင် တခြားကျေးရွာများရှိ ဆွေးမျိုးနီးစပ်သူများထံတွင် ခိုလှုံနေကြရသည်ဟု သိရသည်။(NN-14)

 ပုံစာ- မနေ့က ဖြိုဖျက်ခံခဲ့ရသည့် နေအိမ်များ

 

ဆက်စပ် သတင်းများ