တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

မြောက်ဦးတွင် ၃နှစ်အရွယ်သားဖြစ်သူ ဆေးကုသစရိတ်အတွက် မွေးကင်းစသမီးငယ်ကို ရောင်းချရန် မိဘများစီစဉ်ခဲ့မှု လူမှုအဖွဲ့အစည်းတစ်ခုကြားဝင်ဖြေရှင်းခဲ့၍ ပြေလည်မှုရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

မြောက်ဦးမြို့တွင် ၃ နှစ်ခွဲအရွယ်ကလေးငယ်၏ ခွဲစိတ် ကုသစရိတ်အတွက် ငွေကြေး အခက်အခဲရှိနေ၍ မိဘများက မွေးကင်းစ ရက်ပိုင်းသာ ရှိသေးသည့် သမီးငယ်အား ရောင်းချရန် စီစဉ်ခဲ့ရာ စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုက ကြားဝင် ဖြေရှင်းခဲ့၍ ကလေးငယ်အား ရောင်းချမဖြစ်တော့ဘဲ ပြေလည်မှု ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

လက်ရှိတွင် မြောက်ဦးဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဖြင့် ဆေးကုသမှုခံယူနေရသည့် လေးမြို့ချောင်းဒေသ မော်ရွာဟောင်းကျေးရွာမှ မောင်အောင်ခိုင်လင်း (၃ နှစ်နှင့် ၅ လ) အတွက် ခွဲစိတ်ကုသရမည့် စရိတ် မတတ်နိုင်သဖြင့် မိဘနှစ်ပါးက မွေးကင်းစ ကလေးငယ်အား  ကျပ်သိန်း ၂၀ ခန့်ဖြင့် လဲလှယ်ရောင်းချရန် စီစဉ်မိခဲ့ကြောင်း  မိသားစုဝင်များထံမှ သိရသည်။

မောင်အောင်ခိုင်လင်း၏ ဦးလေးဖြစ်သူက "ကလေးက ကျောက်ကပ်ရောဂါဖြစ်နေတာပါ။ ခွဲစိတ်ကုသရမယ်လို့ဆရာဝန်တွေကပြောတော့ မိဘတွေမှာကလည်း ငွေကြေးမရှိဘူး။ သူတို့လည်း ကြံရာမရဖြစ်ပြီး အပူတပြင်းနဲ့ သိပ်မကြာခင်ကမှမွေးထားတဲ့ကလေးကို မွေးစားချင်တဲ့ မိသားစုကို ငွေ သိန်း ၂၀နဲ့ ပေးဖို့စီစဉ်ကြတယ်။ မွေးစားချင်တဲ့မိသားစုက ဆေးကုသစရိတ်ပေးရမယ့်ပုံစံမျိုးနဲ့ပေါ့" ဟု နိရဉ္စရာသို့ပြောသည်။

၎င်းကလေးငယ်ကို မွေးစားရန်ကမ်းလှမ်းခဲ့သည့် မိသားစုနှစ်စုခန့်ရှိခဲ့ပြီးနောက်  ကလေးငယ် ဆေးကုသစရိတ်အတွက် အလှူရှင်တချို့ ပေါ်ပေါက်လာ၍ တခြားမိသားစုသို့ ငွေဖြင့် လဲလှယ် ရောင်းချမည့် အစီစဉ်ကိုဖျက်လိုက်ကြောင်း ၎င်းက ပြောသည်။

“ မနေ့က စစ်တွေမြို့မှ ပရဟိတသမား စာရေးဆရာဝေဟင်အောင်က မောင်အောင်ခိုင်လင်း ဆေးကုသစရိတ်အတွက် ကျပ်ငွေ ၂၅ သိန်းခန့် မိသားစုကိုထောက်ပံ့ပေးခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်ကို ငွေနဲ့ လဲလှယ်ရောင်းချမယ့် အစီအစဉ်ပျက်သွားပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်၊ နံနက်မှာတော့ မောင်အောင်ခိုင်လင်းကို ဆေးကုသမှုခံယူဖို့ ရန်ကုန်ကို ယူဆောင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

မောင်အောင်ခိုင်လင်းမှာ လွန်ခဲ့သည့်နှစ်ပတ်ကျော်ခန့်က ရုတ်တရက်အပြင်းဖျား၍ မြောက်ဦးဆေးရုံကြီးသို့တင်ခဲ့ရပြီး ကျောက်ကပ်ရောဂါဖြစ်နေမှန်းသိရှိခဲ့ရကြောင်း မိသားစုများက ပြောသည်။

မောင်အောင်ခိုင်လင်း၏ ဦးလေးဖြစ်သူက "ကလေးဆေးရုံတက်နေရတာကတော့ ၁၄ ရက်လောက်ရှိပါပြီ။ အပြင်းဖျားပြီးတော့ ဆေးရုံတင်လိုက်ရတာ။ ကျောက်ကပ်အလုပ်မလုပ်ဘူးလို့ ဆရာဝန်တွေကပြောတယ်။ ဆီးကိုလည်း ပိုက်နဲ့စွန့်ရတယ်။ သတိတော့ ရပါတယ်" ဟု ပြောသည်။

မောင်အောင်ခိုင်လင်းတွင် မွေးချင်းမောင်နှစ်မ ၇ ဦးခန့်ရှိပြီး ၄င်းမှာ ၆ ဦးမြောက်သားဖြစ်ကာ မွေးစားဖို့ ရောင်းချရန်စီစဉ်မိခဲ့သည့်ကလေးငယ်မှာ အငယ်ဆုံးမိန်းကလေးဖြစ်ကြောင်း သိရသည်။

သူမကို စက်တင်ဘာလ ၁၄ ရက်က မြောက်ဦးဆေးရုံကြီးတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းပိုင်းနောက်ပိုင်း ပြည်သူများမှာ အထူးကျပ်တည်းနေကြပြီး အလုပ်အကိုင်ရှားပါးမှုနှင့် အတူတချို့ကျေးရွာများတွင် အိမ်ပြန်မဆောက်နိုင်သူများ၊ ထမင်းကို နပ်မှန် မစားနိုင်သူများရှိနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ

မြောက်ဦးရေပြန်ကျ
  • Web Master
  • ၀၄ သြဂုတ် ၂၀၂၄
မြောက်ဦးရေပြန်ကျ