တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

Posco International နှင့် ရွှေရောင်မေတ္တာတို့ ပူးပေါင်းပြီး အိမ်မိုးသွပ်ချပ် ၆ ထောင်၊ ဆန်အိတ် (၆)ထောင်နှင့် စားနပ်ရိက္ခာများကို မုန်တိုင်းသင့်ရခိုင်ပြည်သူများသို့ လှူဒါန်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

(စစ်တွေရှိ နွမ်းပါးသည့်အိမ်ထောင်စုတစ်စုလျှင် ဆန်၂ တောင်းစီ ဇူလိုင် ၁၆ ရက်တွင် တိုကင်စနစ်ဖြင့် ထုတ်ယူနိုင်)

Posco International ကုမ္ပဏီနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး  သွပ်ပြားအချပ် ၆ ထောင်၊ ဆန်အိတ် (၆)ထောင်နှင့် စားနပ်ရိက္ခာများကို မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများသို့  လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သွပ်ပြား အချပ် ၆ ထောင်ကို ရသေ့တောင်မြို့နယ်၊ အငူမော်ဒေသသို့ တစ်အိမ်လျှင် ၁ဝ ချပ်ကျစီ လှူဒါန်းထားပြီဖြစ်ပြီး ရသေ့တောင်မြို့နယ်၊ မိညိုထောင့်ကျေးရွာအတွက်လည်း ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်နှင့် တာပေါ်လင်စများကို လှူဒါန်းထားပြီဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။

ဆန်အိတ်ပေါင်း ၆ ထောင်ကိုလည်း စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် လှူဒါန်းနေပြီဟု သိရသည်။

စစ်တွေမြို့တွင်ဆိုလျှင် လာမည့် ဇူလိုင်လ ၁၆ ရက်(တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှစတင်ကာ နွမ်းပါးသောမိသားစု ၂ဝဝဝ ခန့်ကို မိသားစုတစ်စုလျှင် ဆန် ၂ တောင်းကျစီ တိုကင်စနစ်ဖြင့် လှူဒါန်းသွားမည်ဟုလည်း သိရသည်။

စစ်တွေမြို့၊ ဖိုးသာရွာရပ်ကွက်၊ သတ္တဌာနလမ်း၊ ပြည်နယ်သစ်တောရုံးရှေ့လမ်းကြားရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရုံးတွင် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး တိုကင်များကိုလည်း ရုံးမှ လာရောက်ထုတ်ယူနိုင်ပြီဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။

“ဆန် ၂ တောင်းဆိုတာက ဘာပဲပြောပြော မရှိဆင်းရဲသားတစ်ယောက်အနေနဲ့တော့ တစ်ဘက်တစ်လမ်းက အထောက်အကူပြုတယ်လို့ ကျနော်တို့ထင်မိပါတယ်။ အားလုံး ရစေချင်တဲ့ဆန္ဒပေါ့နော်။ ကိုယ်ချင်းစာစိတ်နဲ့။ မိုခါဖြစ်သွားပြီးတဲ့နောက်ပိုင်း အားလုံးအကျပ်အတည်းကာလဖြစ်ကြတဲ့အတွက် ဒါတွေကို ပြေလည်စေချင်တဲ့ဆန္ဒကြောင့် ကျနော်တို့က လှူဖြစ်တာပါ”ဟု ပြောသည်။



ယင်းအပြင် မြို့ပေါ်ရှိ နွမ်းပါးသည့်နေအိမ်များကိုလည်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းသူ၊ အသင်းသားများက  ဆန်အိတ်များ သွားရောက်လှူဒါန်းလျက်ရှိသည်ဟု ပြောသည်။

ရွှေရွှောင်မေတ္တာဖောင်ဒေးရှင်းသည် စစ်တွေအပါအဝင် ရခိုင်ပြည်မြို့နယ်အများစုတွင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးလုပ်နေသည့် လူမှုအဖွဲ့အစည်းဖြစ်သည်။

Posco International ကုမ္ပဏီဆိုသည်မှာ ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝဓာတ်ငွေ့ထုတ်ယူနေသည့် နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက် တိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် လူပေါင်း ၁၄ဝ ကျော်သေဆုံးပြီး သိန်းနှင့်ချီသော ပြည်သူများလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင်လည်း ထိခိုက်ပျက်စီးမှု ၉ဝ ရာနှုန်းအထိရှိခဲ့သည်။

မုန်တိုင်းတိုက်ခတ်သွားသည်မှာ ယနေ့ဆိုလျှင် ၂ တိတိပြည့်မြောက်သွားပြီဖြစ်သော်လည်း အဆိုမြို့နယ်များတွင် လက်ရှိအချိန်ထိ ပြန်လည်နာလန်ထူနိုင်ခြင်းမရှိကြသေးဟုလည်း သိရသည်။ (NN-16)

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ