တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ကမ္ဘောဇ KBZ Bank ဝန်ထမ်းများကဲ့သို့ဟန်ဆောင်ပြီး KPay မှတဆင့် ငွေလိမ်ထုတ်ယူမှုများရှိနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

ရခိုင်ပြည်နယ်တွင် ကမ္ဘောဇ KBZ Bank ဝန်ထမ်းများကဲ့သို့ဟန်ဆောင်ပြီး   KPay မှ တစ်ဆင့် ွေကြေးများ လိမ်လည်ထုတ်ယူမှုများရှိနေကြောင်း လိမ်လည်ခံလိုက်ရသည့် ကာယကံရှင်များက ပြောသည်။

KBZ Bank (ကမ္ဘောဇဘဏ်)၏ ငွေကြေးမိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်သော KBZPay (ခေါ်) KPay သုံးစွဲသူများကို မသမာသူများက လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် Facebook Messenger မှတဆင့် အကောင့်တုများဖြင့် လာရောက်ဆက်သွယ်ပြီး SMS ကုဒ်များပေးပို့ကာ ငွေကြေးများလိမ်လည် ထုတ်ယူခြင်းဖြစ်သည်ဟု ဆိုကြသည်။

လိမ်လည်သူများမှာ ဗမာပြည်ဘက်မှ ဖြစ်​ကြပြီး ကမ္ဘောဇဘဏ်မှ တာဝန် ရှိသူများဟု အယောင်ဆောင်ကာ Facebook Messenger မှသော်လည်းကောင်း၊ ပိုက်ဆံရှိသူများ၏ ဖုန်းများကို လိုက်လံစုံစမ်း၍ ဖုန်းမှတဆင့်လည်းကောင်း KPay အကောင့်ကို အဆင်မြှင့်(Update) ပေးမည်ဟုဆိုပြီး လိမ်လည်နေခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဇူလိုင်လခန့်က စစ်တွေမြို့မှ ကျပ်သိန်း ၆၀ အထိ လိမ်လည်ခံလိုက်ရသူ တစ်ဦး၏မိတ်ဆွေ ဦးမျိုးမင်းထွန်းကြည်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ဗမာပြည်ဘက်က လူတွေက ကမ္ဘောဇဘဏ်ကလူတွေလိုမျိုး ဖေ့ဘွတ်မှာ အကောင့်ဖွင့်ပြီး ပိုက်ဆံရှိနိုင်တဲ့လူတွေကိုသွားပြီး Kpay Account update လုပ်ပေးမယ်ဆိုပြီး ရုံးချုပ်ကဆိုပြီး လိမ်တယ်။ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေကိုတောင်းတော့ ပေးလိုက်တယ်။ Kpay Account update လုပ်ဖို့ ကုဒ်ကျလာမယ်ပြောပြီး ကုဒ်ကျလာတော့ သူ့ကိုပေးလိုက်တယ်။ အဲဒီမှာ တဖက်လူက သူ့အကောင့်ကို ဖုန်းနံပါတ်တွေနဲ့ password တွေနဲ့ဝင်လိုက်တော့ ပိုက်ဆံတွေပါသွားတာပေါ့”ဟု ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်က စစ်တွေမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတွင် ယခုကဲ့သို့ KBZ ဘဏ်မှဟုအယောင်ဆောင်က OTP code များ လိမ်လည်တောင်းသဖြင့် KPay မှ ငွေကျပ် တစ်သိန်းကျော်ခန့် လိမ်လည်ထုတ်ယူခံလိုက်ရကြောင်း သူနှင့်နီးစပ်သူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း အကောင့်တုများဖြင့် KPay မှတဆင့် ငွေလိမ်ခံရသူများ စစ်တွေတွင် ထပ်ရှိနေသည်ဟုလည်း နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ကျနော့်အသိညီမလေးတစ်ယောက်လည်း ဒီလိုဆိုရှယ်က အကောက်တုနဲ့ လာပြောတာမျိုးရှိတယ်။ သူ့ password က တစ်လုံးမှားပြောလိုက်တော့ ပိုက်ဆံမပါသွားဘူးလေ။ သူက စစ်တွေစျေးထဲမှာအထည်ရောင်းနေတာဆိုတော့ ပိုက်ဆံရှိတယ်။ မပါသွားလို့ ကံကောင်းတယ်”ဟု ပြောသည်။

စစ်တွေမြို့အပါအဝင် ရခိုင်ရှိမြို့အချို့တွင်လိမ်လည်ခံရသူများစွာရှိနေပြီး အရှက်တရားကြောင့် ဆိုရှယ်မီဒီယာပေါ်သို့မတင်ဘဲ ကိုယ်တိုင်‌ ဖြေရှင်းသူများလည်း ရှိကြောင်း သိရသည်။

ယခုလို လိမ်လည်မှုခံနေရသည့်အတွက် KPay သုံးစွဲသူများမှာ စိုးရိမ်မှုရှိနေကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခုကဲ့သို့ ငွေကြေးပိုင်းဆိုင်ရာ လိမ်လည်ခံနေရသည့် သုံးစွဲသူများအပေါ် နစ်နာမှုမရှိအောင်ဆောင်ရွက်ပေးသင့်ပြီး KPay လုံခြုံမှုပိုင်းဆိုင်ရာကိုလည်း လေးလေးနက်နက်ဆောင်ရွက်သင့်ကြောင်း သုံးစွဲသူများက ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁ ရက်နှင့် ၂၂ ရက်ကလည်း စစ်တွေရှိ ပရဟိတသမား စာရေးဆရာဝေဟင်အောင်၊ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း သွီးလှူရှင်များအသင်းနှင့် သံတွဲမြို့ရှိ သိမ်ကုန်းဆရာတော်တို့၏ KBZ Pay အကောင့်တို့မှလည်း စုစုပေါင်း ငွေကျပ်သိန်း ၆၀ ကျော်ကိုလိမ်လည် ထုတ်ယူခံခဲ့ရကြောင်း သိရသည်။

KBZPay အသုံးပြုသူများအနေဖြင့် မိမိထံမှ SMS ကုဒ်များ (OTP) နှင့် PIN (လျှို့ဝှက်နံပါတ်) များကို ဖုန်း (သို့မဟုတ်)အွန်လိုင်းမှတစ်ဆင့် တစ်စုံတစ်ဦးက မေးမြန်းတောင်းခံလာပါက မပေးရန်နှင့် မည်သူနှင့်မှ မျှဝေသုံးစွဲခြင်းမပြုရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်ထားသည်။

KBZ Pay ၏ မှန်ကန်သည့်သတင်းအချက်အလက်များ၊ ပရိုမိုးရှင်းနှင့် ပတ်သက်သည့် သတင်းများအပါအဝင် အခြားဝန်ဆောင်မှု သတင်းများအားလုံးကို KBZ Pay ၏တရားဝင် Channel များဖြစ်သည့် အပြာရောင်အမှတ်အသားပါ KBZ Pay Facebook page၊ KBZ Pay Viber Community Channel၊ KBZPay Official Website နှင့် KBZ Pay App ရှိ KBZPay Official Account တို့တွင် အချိန်နှင့် တပြေးညီ တင်ပြပေးကြောင်း KBZ က ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Kpay သည် လူသုံးအများဆုံး မိုဘိုင်းငွေပေး‌ချေမှု ကွန်ရက်ကြီးဖြစ်ပြီး ကမ္ဘောဇဘဏ်၏ထုတ်ပြန်ချက်အရ လူ လေးသန်းခွဲခန့် အသုံးပြုနေကြောင်း သိရသည်။ (NN-11)


ဓာတ်ပုံ - စစ်တွေတွင် အောက်တိုဘာ ၁၄ ရက်က KPay မှတဆင့် ငွေလိမ်လည်ထုတ်ယူခံရမှုအချက်အလက်အချို့အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ