တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင် မြို့နယ် ၆ ခုတွင် တိုက်ပွဲများဆက်လက်ပြင်းထန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

(စစ်ကောင်စီက Y-12 လေယာဉ်ဖြင့်ဗုံးကြဲ၍ မင်းပြားပြည်တော်လှရပ်ကွက် လူနေအချို့မီးလောင်)

ရက္ခိုင့်တပ်တော်( AA )နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်မှ မြို့နယ် ၆ ခုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ရခိုင်မှ မြို့နယ် (၆) ခုမှာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ ဖြစ်ကြသည်ဟု ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ဇန်နဝါရီ ၂၁ ရက် - ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ (၈၇) ရက်နေ့မြောက်ထုတ်ပြန်ချက်အရ သိရသည်။

“ ဇန်နဝါရီ ၂၁ ရက်မှာ လည်း ရက္ခိုင်ပြည်က  ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ  တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပါတယ်”  ဖော်ပြသည်။

ဇန်နဝါရီ ၂၁ ရက် ယနေ့၊ ည (၈) နာရီ (၄၈) မိနစ်အချိန်ခန့်ကလည်း  မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှ ရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မှာ မီးဟုန်းဟုန်း တောက်လောင် ပြာကျခဲ့ရသည်ဟု ဖော်ပြထားသည်။


စစ်ဆင်ရေး (၈၇) ရက်မြောက်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၂၀ ရက် ညနေဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့မှ  စျေးဝယ်၍ ပြန်လာကြသည့် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာနှင့် အင်းဖောက်ကျေးရွာတို့မှ ဒေသခံအမျိုးသား (၃) ဦးတို့အား မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ