တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မှ နှစ် (၁၀၀) ကျော်သက်တမ်းရှိသည့် အဆောက်အဦများစာရင်းဘဏ္ဍာရေးနှင့်ဒေသအခြေအနေကြောင့် ဆက်လက်ကောက်ယူရန်ခက်ခဲနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

သျှင်မင်းဇံ

နိရဉ္စရာ၊ ၂၉ / ၂၀၂၁

ရခိုင်ပြည်နယ်အတွင်းရှိ  နှစ်(၁၀၀) ကျော် သက်တမ်းရှိသည့် အဆောက်အဦများအား ရှေးဟောင်းအမွေအနှစ်အဖြစ် စာရင်းသွင်း ိန်းသိမ်းရန် စာရင်းကောက်ယူနေသော်လည်း လက်ရှိအချိန်တွင် ဘဏ္ဍာရေးနှင့်ဒေသအခြေအနေကြောင့် ဆက်လက်ကောက်ယူရန်ခက်ခဲနေဟုဆိုသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန(ခွဲ)မှ လက်ထောက်ညွှန်းကြားရေးမှူး ဦးအောင်ထွန်းလှက "ကျွန်တော်တို့ ကွင်းဆင်းရမဲ့ မြို့တွေက အများကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့လည်း အခု ခေတ်ကာလက သွားလာဖို့ အခက်အခဲကြောင့် ကွင်းမဆင်းတာဖြစ်ပါတယ်။ နောက်ဘဏ္ဍာရေး အခြေအနေကြောင့်လည်း ပါတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ရှေးဟောင်းသုတေသနဌာန နှစ်ခုသာရှိပြီး မြောက်ဦးမြို့ရှေးဟောင်သုသေတနနှင့် စစ်တွေရှေးဟောင်း သုတေသနဌာနတို့ ဖြစ်ကြသည်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်တို့ကို မြောက်ဦး ရှေး/သုက တာဝန်ယူဆောက်နေကြောင်း၊ ကျန်မြို့နယ်များကို စစ်တွေရှေး/သုက  တာဝန်ယူဆောင်ရွက်ကြောင်း ၎င်းက ပြောကြားသည်။

နှစ်(၁၀၀)ကျော် ရှေးဟောင်း အဆောက်အဦများစာရင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်တွေ၊ ပေါက်တော၊ သံတွဲတို့မှာ  ပထမအကြိမ်စာရင်းကောက်ယူရရှိခဲ့ကြောင်း၊ အဆောက်အဦးစုစုပေါင်း (၄၀) အား  နေပြည်တော်သို့ တင်ပြခဲ့ကြောင်း၊ သို့သော်  ဗိသုကာလက်ရာနှင့် ထူးခြားမှုအားနည်းနေသည်ဟု မှတ်ချက်ပေးသည့်အတွက်  ဒုတိယ အကြိမ် ကောက်ယူခဲ့ကြောင်း၊ ဒုတိယအကြိမ် ကောက်ယူရာတွင် လူနေအိမ်၊ ဌာနဆိုင်ရာ အစိုးရရုံးများ၊ ဗလီနှင့် ဟိန္ဒူကျောင်းတို့ကို ကွင်းဆင်းကောက်ယူခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန(ခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က  "အဆောက်အဦတွေကို ပြုပြင်ဖို့ ကျွန်တော်တို့ကို အကြောင်းကြားကြပါလို့သက်ဆိုင်သူတွေကို အကြံပေးမယ်။ ရှေးဟောင်းလက်ရာတွေ မပျက်စီးသွားအောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ဖို့ပါ။ သူတို့တွေရဲ့ ပိုင်ဆိုင်တဲ့ အဆောက်အဦတွေကို ဖျက်ဆောက်ချင်လည်း ဆောက်ကြမှာပဲလေ။ အတတ်နိုင်ဆုံးတော့ ရှေးဟောင်းလက်ရာတွေ မပျက်အောင် ဆောက်ဖို့ပဲ အကြံပေးမှာပါ" ဟု ပြောသည်။

နှစ် (၁၀၀) ကျော် ရှေးဟောင်း အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းရမည့် ကိစ္စများနှင့် ပတ်သက်၍ အဆောက်အဦ ပိုင်ရှင်များက ရှေးသုနှင့် ဆွေးနွေးလာပါက  ပူးပေါင်းကာ ရှေးဟောင်းလက်ရာများ မပျက်စီးအောင် ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင် ၎င်းက ဆက်လက်ပြောဆိုသည်။

အခုလို့ နှစ် (၁၀၀) ကျော်သည့် အဆောက်အဦများကို ကောက်ယူခြင်းသည် မြန်မာ့တစ်နိုင်ငံလုံးတွင် ကောက်ယူ နေခြင်းလည်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကိုလိုနီခေတ်လက်ကျန် အဆောက်အဦများကို အဓိကထား စာရင်း ကောက်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့တွင် ကောက်ယူရာတွင် ကိုလိုနီခတ်က လူနေအိမ်များ၊ ဗလီ/ ဝတ်ပြုကျောင်းများ၊ ခရစ်ယာန်ဘုရားများ၊ လက်ရှိ အသုံးပြုနေသည့် ဌာနဆိုင်ရာ ရုံးများ ပါဝင်သော်လည်း နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘုန်တော်ကြီးကျောင်းများ မပါဝင်သေးကြောင်း သိရသည်။

စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်က အထက်တန်းကျောင်းဆရာ (ငြိမ်း) ဦးကျော်မောင်က " နှစ်တစ်ရာကျော် အဆောက်အဦတွေကို စာရင်းကောက်ယူနေတော့ ဝမ်းသာပါတယ်။ နိုင်ငံတကာမှာလည်း ရှေးဟောင်းအဆောက်အဦ နှစ်တစ်ရာကျော်ရင် ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ထားတယ်လေ။ တချို့ အမွေဆက်ခံတွေ သားသမီးတွေ ရှေးဟောင်း အဆောက်အဦဖြစ်ပေမဲ့လည်း စီးပွားရေးအခြေအနေကြောင့် အဲဒီအဆောက်အဦတွေကို ပြိုဖျက်ပြီးတော့ မြေနေရာတွေကို ရောင်းကြတယ်။ ဒါတွေက မကောင်းပါဘူး" ဟု ပြောသည်။

၎င်းအဆောက်အဦများကို ရှေးဟောင်းလက်ရာများ မပျက်စီးအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ အစိုးရအဆောက်အဦ များအား အစိုးရက ဆက်လက်ထိန်းသိမ်းနိုင်သော်လည်း ပုဂ္ဂလိက အဆောက်အဦများကိုလည်း ဆက်လက်ထိန်းသိမ်းရန် အစိုးရက တွန်းအား ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

(ဓာတ်ပုံ- ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် စစ်တွေစာတိုက်ကြီး)

ဆက်စပ် သတင်းများ