စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက မင်းပြားတွင်အမျိုးသမီးအပ်ချုပ်သင်တန်းတစ်ခု အခမဲ့ ဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၁၆ / ၂၀၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက  အမျိုးသမီး အခြေခံအပ်ချုပ်သင်တန်းတစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းသင်တန်းကို မင်းပြားမြို့ အောင်သပြေလမ်း၊ ရွှေမင်းကန်ရပ်ကွက်တွင် အောက်တိုဘာလ ၂ ရက်မှစတင်ကာ ဒီဇင်ဘာလအထိ ၃ လ အခမဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း၏ မင်းပြားတာဝန်ခံ ဒေါ်မာမာကျော်ဇောက ပြောသည်။

အခု ကျောင်းတွေလည်းပိတ်ထားတော့ စားဝတ်နေရေးမပြေလည်တဲ့သူတွေ၊ မိသားစုငွေကြေးတော်တော်ခက်ခဲ့တဲ့အမျိုးသမီးငယ် အိမ်ထောင်မရှိတဲသူတွေအတွက်ဖွင့်တာပါ။ အလုပ်လက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေကို ဒီဖောင်ဒေးရှင်းက တစ်ဖက်တစ်လမ်းက ထောက်ပ့ံပေးချင်လို့ပါ။ နယ်ကလာတဲ့သူတွေအတွက် စားစရိတ်မကူညီပေးနိုင်ပေမဲ့ နေစရိတ်ကအစ တာဝန်ယူပေးပါတယ်။ ခုလိုခက်ခဲတဲ့သူတွေကို ကူညီခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်ဟု ပြောသည်။

အဆိုပါသင်တန်းသို့ မင်းပြားမြို့နယ်အပြင် အခြားမြို့နယ်များမှ အလုပ်လက်မဲ့ အမျိုးသမီးငယ် များလည်း တက်ရောက်နိုင်ပြီး ကနဦးတွင် သင်တန်းသား ၁၅ ဦးကို လက်ခံသင်ကြားပေးသွားမည်ဟု သိရသည်။ စက်တင်ဘာလ ၁၉ ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။

ခုလိုအခမဲ့သင်တန်းဖွင့်ပေးတာ ကျမတို့လို မရှိဆင်းရဲသားတွေအတွက် ဘဝရပ်တည်နိုင်ဖို့အတွက် အခွင့်ရေးတစ်ခုရသွားတာပေါ့။ အမျိုးသမီးတွေအတွက် လည်း ဝမ်းစာတစ်ခုရသွားတာပေါ့။ ခုလိုဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက အခမဲ့သင်တန်းဖွင့်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ဟု သင်တန်းတက်ရန်စာရင်းပေးသွင်းထားသည့် မင်းပြားမြို့နယ်မှ မဆုအိန္ဒြာဝင်းက ပြောသည်။

အဆိုပါဖောင်ဒေးရှင်းသည် မင်းပြားမြို့နယ်တွင် အခမဲ့ဆေးပေးခန်း ၂ ခန်းကိုလည်း ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင်လည်း အမျိုးသမီးငယ်များအတွက် အခမဲ့အပ်ချုပ်သင်တန်းတစ်ခုကို အဆိုပါဖောင်ဒေးရှင်းက ဖွင့်ထားသည်မှာ ၃ နှစ်ခန့်ရှိနေပြီဟုလည်း ဆိုသည်။

အဆိုပါဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့တွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြား လူမှုရေးကိစ္စများကို ၂၀၀၄ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ