တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ မင်းဂံတွင် ရိုက်နှက်ခံရပြီးသတိမေ့နေခဲ့သည့် မိန်းကလေးငယ်အမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ရဲနှင့် ULA က ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဥ္စရာ၊ မတ် ၁၇ / ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အဝတ်ဗလာဖြင့် ဒဏ်ရာများနှင့် အတူ သတိမေ့ တွေ့ရှိခဲ့သည့် ၁၁ နှစ်ကျော်အရွယ်မိန်းကလေးငယ်အမှုနှင့်ပတ်သက်၍ သံသယရှိသူ ၅ ဦးကို ရဲတပ်ဖွဲ့နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့က ဖမ်းဆီးထားသည်ဟု သိရသည်။

စစ်တွေအမှတ်(၁)ရဲစခန်းက ဖမ်းဆီးထားသူမှာ ၂ ဦးဖြစ်ပြီး ULA က ဖမ်းဆီးထားသူမှာ ၃ ဦးဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက နိရဥ္စရာကိုပြောသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးစလုံးသည် ရိုက်နှက်ခံခဲ့ရသည့်အမျိုးသမီးငယ်နေထိုင်သည့် မင်းဂံရပ်ကွက် အကွက်(၁၅)မှဖြစ်သည်ဟု ဆိုသည်။

ရဲက သံသယဖြင့် ဖမ်းဆီးထားသူ ၂ ဦးမှာ အသက် ၁၈ နှစ်အရွယ်ဝန်းကျင်ခန့်ရှိကာ ၂ ဦးစလုံးသည် အခင်းဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်၏ အိမ်နီးနားချင်းများဖြစ်ကြသည်ဟု ဖခင်ဖြစ်သူက ပြောသည်။

သူတို့ ၂ ဦးတွင် ၁ ဦးမှာ ကိုခိုင်ကျော်လင်းအမည်ရှိပြီး နောက် ၁ ဦး၏အမည်ကို လောလောဆယ် မသိရသေးပေ။


သူတို့ ၂ ဦးသည် အဆိုပါမိန်းကလေးငယ်အား ရေခဲမုန့်ဝယ်ပေးမည်ဟုဆိုကာ မတ်လ ၁၅ ရက်၊ ညနေ ၇ နာရီခန့်က ခေါ်ဆောင်သွားခဲ့သည်ကို အိမ်နီးနားချင်းများက မြင်လိုက်ကြသည်ဟု ဖခင်ဖြစ်သူက  နိရဉ္စရာကို ပြောသည်။

သူတို့က မနေ့က ရေခဲမုန့်ဝယ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားကြတယ်လို့ သိရတယ်။ အရင်လည်း အမြဲတမ်း ဝယ်ပေးကြပါတယ်။ ကျနော်ကတော့ တရားခံတွေကို ထိထိရောက်ရောက် အရေးယူဖို့အတွက် တရားစွဲသွားမယ်ဟု ပြောသည်။

အဆိုပါမိန်းကလေးငယ်ကို မတ်လ ၁၆ ရက်၊ နံနက်တွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်၌ ခေါင်းတွင်ဒဏ်ရာများစွာရပြီး အဝတ်ဗလာဖြင့် သတိမေ့နေသည်ကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုမိန်းကလေးငယ်မှာ မတ်လ ၁၆ ရက်၊ ည ၁၁ နာရီခန့်အထိ စစ်တွေဆေးရုံပေါ်တွင် သတိမေ့လျော့နေဆဲဖြစ်ပြီး အောက်စီဂျင်ပေးထားရသည်ဟု သိရသည်။

လက်ရှိတွင် ဆရာဝန်ဆေးစစ်ချက်ကိုမသိရသေးသည့်အတွက် တစ်စုံတရာ မသိရသေးဟုလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းမိန်းကလေးငယ်သည် တစ်ရပ်ကွက်တည်းနေ အဖွားဖြစ်သူ၏အိမ်တွင် သွားအိပ်လေ့ရှိသည့်အတွက် မိဘများကလည်း ၎င်းနေ့ညက ရှာဖွေမှုမပြုခဲ့ခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

ကျနော်တို့က ဆင်းရဲပင်ပန်းတဲ့အတွက် စားဝတ်နေရေးအတွက် ကြိုးပမ်းနေရတယ်။ အဲဒါကြောင့် သားသမီးတွေအပေါ်မှာ အရေးမစိုက်သလို ဖြစ်သွားပါတယ်ဟုပြောသည်။

အသက်မပြည့်သေးသည့်မိန်းကလေးငယ် ၁ ဦးကို ယခုကဲ့သို့ ပြုကျင့်ခဲ့ခြင်းသည် စက်ဆုပ်ရွံရှာရက်စက်ရာရောက်ပြီး ရခိုင်အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများအား စိန်ခေါ်ရာရောက်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

"ဒီဖြစ်ရပ်တွေက ရက်စက်တယ်။ ကလေးမက ၁၀ နှစ် ကျော်ကျော်လေးပဲရှိသေးတယ်။ အဲ့လိုကလေးမလေးကို ဒီလိုလုပ်လိုက်တာက ကျွန်မတို့ကိုစိန်ခေါ်လိုက်သလိုမြင်ရတယ်။ အဲ့ဒီကလေးမလေးနေကောင်းကျန်းမာလာရင်တောင် သူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို ဘယ်လိုကုစားနိုင်မလဲဆိုတာကို ကျွန်မတို့ကြိုးစားနေတယ်"ဟု ပြောသည်။


ULA က ဖမ်းဆီးထားသူ ၃ ဦးနှင့် ပတ်သက်ပြီး နိရဉ္စရာက စုံစမ်းနေဆဲဖြစ်ပြီး  အသေးစိတ် မသိရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီး လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းသည်လည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးသည်လည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းတွင် ဆောက်လက်စအဆောက်အအုံတစ်ခု၌ ရက်စက်စွာ အသတ်ခံခဲ့ရသည်။ (NN- 12/21)

ဆက်စပ် သတင်းများ