တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ ရှုခင်းသာကမ်းနားလမ်း ပျံကျဈေးဆိုင်သည်များအတွက် ခရိုင်လဝကရုံးနောက်ဘက်ကို ဈေးရောင်းချရန် နေရာသတ်မှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ မတ် ၂၄/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေရှုခင်းသာကမ်းနားလမ်းတစ်လျှောက်တွင် ရောင်းချနေကြသော ပျံကျဈေးဆိုင်သည်များအတွက် ဈေးဆိုင်ရောင်းချရန် မြို့နယ်စည်ပင်က နေရာ သတ်မှတ်ပေးထားသည်ဟု သိရသည်။

 

သတ်မှတ်ပေးထားသည့်နေရာမှာ စစ်တွေကမ်းနားလမ်း၊ ပြည်တော်သာရပ်ကွက်၊ ခရိုင်လဝကရုံး အနောက်ဘက်ရှိ အရှည် ပေ ၅၀၀ ခန့်ရှိသော နေရာဖြစ်သည်။

 

ပျံကျဈေးဆိုင်သည်များသည် စစ်တွေ ရှုခင်းသာကမ်းနားလမ်း၏ ပလက်ဖောင်းပေါ်တွင် နေရာယူကာ ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေကြပြီး ထိုသို့ရောင်းချနေမှုမှာ လမ်းသွားလမ်းလာ သူများအတွက် အဆင်မပြေဖြစ်ခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်မကိုက်ညီခြင်းတို့ကြောင့် ယခုကဲ့သို့ နေရာသတ်မှတ် ပေးခြင်း ဖြစ်သည်ဟု စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"စစ်တွေမြို့ကို လူကြီးခရီးစဉ်တွေရှိရင် သူတို့ကိုဖယ်ရှားခိုင်းရတာနဲ့ တော်တော်အလုပ်ဝင်ပါတယ်။ ဒီအလုပ်ကလည်း သူတို့ဝမ်းရေးအလုပ်ဆိုတာကို နားလည်တယ်။ ဒါကြောင့် အဘက်ဘက်က အဆင်ပြေအောင် သူတို့အတွက် ဈေးရောင်းဖို့ နေရာသတ်မှတ်ပေးတာဖြစ်ပါတယ်" ဟု ပြောသည်။

လက်ရှိတွင် သတ်မှတ်ပေးထားသည့်နေရာ၌ သစ်ပင်၊ ခြုံနွယ်များကို ခုတ်ထွင်းရှင်းလင်းထားပြီး မြေနိမ့်သည့်နေရာများတွင် မြေများဖို့ကာ သပ်သပ်ရပ်ရပ်ပြုလုပ်ပေးသွားမည်ဟု ဆိုသည်။

ရောင်းချလိုသည့် ပျံကျဈေးဆိုင်သည်များ၏ အမည်စာရင်းများကိုလည်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ကောက်ယူထားသည်ဟုလည်း သိရသည်။

ရှုခင်းသာကမ်းနားလမ်းတွင် ဈေးဆိုင်ရောင်းချနေသူတစ်ဦးက "ကျွန်တော်က အရင်က အာရီယာန်ဆိုင်ဘက်မှာ ရောင်းနေတာ။ အဲ့ဒါ စည်ပင်က ခဏခဏ လာရှင်းလို့ ဟိုဘက်ပြောင်းလိုက်၊ ဒီဘက်ပြောင်းလိုက်နဲ့ ပြောင်းနေရလို့ ဒီနေရာလုပ်ပေးထားတဲ့နေရာကို ပြောင်းလာလိုက်တာ။ ဒီနေရာကိုပြောင်းလိုက်တဲ့နေ့က လူကြီးတွေရှိတယ်။ သူတို့က ကိုယ်ရောင်းချင်သလောက်နေရာကို အတည်တကျယူထားပေါ့။ ဒါပေမဲ့ လမ်းပေါ်တော့ တက်မရောင်းနဲ့လို့ပြောတယ်" ဟု ပြောသည်။

ရှုခင်းသာလမ်းတစ်လျှောက်တွင်ရောင်းချနေကြသည့် ဈေးဆိုင်များမှာ အသုပ်စုံဆိုင်၊ အကင်ဆိုင်၊ အအေးဆိုင်၊ ထမင်းနှင့် တခြားစားသောက်ကုန်ဆိုင်များစသည့် ဆိုင်ပေါင်း ၃ဝ ခန့်ရှိသည်ဟုလည်း သိရသည်။

အဆိုပါဆိုင်များအတွက် နေရာတစ်ခုသတ်မှတ်ပေးခြင်းမှာ ကောင်းသောလုပ်ရပ်တစ်ခုဖြစ်ပြီး ဈေးဆိုင်သည်များအနေဖြင့်လည်း အမှိုက်ပြဿနာကို စနစ်တကျကိုင်တွယ်နိုင်ရန်လိုအပ်လှသည်ဟု ၎င်းလမ်းတွင် ဈေးဆိုင်ရောင်းချနေသူအမျိုးသမီးတစ်ဦးက ပြောသည်။

"စစ်တွေမှာက ညဈေးတန်းကလည်းမရှိဆိုတော့ ရှုခင်းသာ လမ်းကဈေးရောင်းချတဲ့နေရာဟာ စျေးသက်သက်သာသာနဲ့ စားသောက်လို့ရတဲ့နေရာတစ်ခုဖြစ်လာတာပေါ့။ ဒီလိုနေရာ သတ်မှတ်ပေးလိုက်လို့ ဈေးရောင်းချကြပြီဆိုရင် ဈေးသည်တွေ အနေနဲ့ကလည်း ကိုယ့်ဆိုင်က ထွက်လာတဲ့အမှိုက်တွေကို နည်းစနစ်ကျကျတာဝန်ယူဖြေရှင်းဖို့လိုတယ်။ မဟုတ်ရင်တော့ စည်ပင်နဲ့ခဏခဏစကားပြောနေရဦးမှာပါပဲ" ဟု ၎င်းကပြောသည်။

ဈေးဆိုင်သည်များအနေဖြင့် ဈေးရောင်းချပြီးလျှင် သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးသည့် စနစ်မှာအားနည်းလျက်ရှိပြီး စားသုံးသူများအနေဖြင့်လည်း စည်းကမ်းရှိရန်လိုအပ်လှသလို သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိရောက်စွာ အရေးယူရန်လိုအပ်လှသည်ဟု ကမ်းနားလမ်းတွင် လာရောက်အပန်းဖြေသူများက ပြောသည်။

စစ်တွေရှုခင်းသာ ကမ်းနားလမ်းတွင် ညနေ ၄ နာရီမှစတင်ကာ ည ၉ နာရီအချိန်ထိ ဈေးဆိုင်ရောင်းချလျက်ရှိပြီး ကမ်းနားလမ်းသို့ လာရောက်အပန်းဖြေလည်ပတ်စားသောက်သူများနှင့် စည်ကားလေ့ရှိသည်။ (NN-12)

(ဓာတ်ပုံ - စစ်တွေကမ်းနားလမ်းရှိ ပျံကျဈေးဆိုင်သည်များအတွက် ဈေးရောင်းချရန် သတ်မှတ်နေရာအား တွေ့ရစဉ်)

ဆက်စပ် သတင်းများ