တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်တောင်ဘုရားပွဲ ဧပြီ ၂၆ မှ ၃၀ ရက်ထိ ၅ ရက်တိုင်တိုင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

နိရဥ္စရာ၊ မတ် ၂ /၂၀၂၃

ရခိုင်ပြည်နယ်တွင် ကျောက်တော်တောင်ဗုဒ္ဓပူဇနိယပွဲကို လာမည့်ဧပြီလ ၂၆ ရက်မှစ၍ ဧပြီလ ၃၀ ရက်အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲတော်ဖြစ်မြောက်ကျင်းပရေး အတွင်းရေးမှူး ဦးကျော်ကျော်က ပြောသည်။

"ပွဲက စဉ်လာမပျက်ဘဲ နှစ်စဉ်ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေးတွေနဲ့ ကိုဗစ်လိုမျိုး ကာလတွေကလွဲရင် နှစ်တိုင်းစဉ်လာမပျက်ကျင်းပတယ်။ တစ်နှစ်မှာတစ်ခါ ဘုရားရှင်ကို အကြောင်းပြုပြီး ဗုဒ္ဓပူဇနိယပွဲကိုကျင်းပတယ်။ အဲ့ဒီမှာ ရိုးရာလှေပြိုင်ပွဲတွေ၊ ကျင်ပွဲတွေကို အစဉ်အလာအတိုင်းထည့်သွင်းကျင်းပပါတယ်" ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါဘုရားပွဲတွင် ဧပြီလ ၂၆ ရက်မှ ဧပြီလ ၂၈ ရက်အထိ ပင့်သံဃာများက ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ကြမည်ဖြစ်ပြီး ရခိုင်ရိုးရာကျင်ပွဲကို ဧပြီလ ၂၇ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကျောက်တော်တောင်ရှိ ကျင်းပနေကျ ကျင်ကွင်းတွင်ကျင်းပသွားမည်ဟုဆိုသည်။

ရခိုင်ရိုးရာ ပြိုင်လောင်း(လှေ)ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကျောက်တော်တောင်အောက်ရှိ ကစ္ဆပနဒီမြစ်အတွင်း ထည့်သွင်းကျင်းပမည်ဟု သိရသည်။

အဆိုပါဘုရားပွဲနှင့်အတူ ရေပေါ်သင်္ကြန်ပွဲတော်ကိုလည်း ဧပြီလ ၂၆ ရက်မှစတင်ကျင်းပမည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ရေပေါ်သင်္ကြန်တွင် လောင်းလှေအစီးရေ ၃၀၀ မှ ၅၀၀ အထိ အသုံးပြု၍ မြို့နယ်ပေါင်းစုံမှ ပရိသတ်ထောင်နှင့် ချီကာ ကစ္ဆပနဒီမြစ်အတွင်း ပျော်ရွှင်စွာ လာရောက် ရေပက်ကစားကြလေ့ ရှိကြသည်။

ကျောက်တော်တောင်ရေပေါ်သင်္ကြန်သည် ရခိုင်တွင်နာမည်အကြီးဆုံး ရေပေါ်သင်္ကြန်တစ်ခုဖြစ်ပြီး ယင်းရေပေါ်သင်္ကြန်တွင်ပါဝင်ဆင်နွှဲရသည်မှာ ပျော်ရွှင်သရာကောင်းလှသည်ဟု ကျောက်တော်မြို့ခံ မိန်းကလေးတစ်ဦးက ပြောသည်။

"ဒီကျောက်တော်တောင် ရေပေါ်သင်္ကြန်က ရခိုင်မှာနာမည်ကြီးတယ်။ ကျင်းပတဲ့နှစ်တွေမှာလည်း အရမ်းစည်ကားတယ်။ သူငယ်ချင်းတွေနဲ့ လှေစီးပြီး မြစ်ထဲမှာရေပက်ကစားကြတာက အရမ်းပျော်ဖို့ကောင်းတယ်။ ဒီနှစ်လည်း ရေပေါ်သင်္ကြန်ပွဲမှာ ပါဝင်ဆင်နွှဲရေပက်ကစားဖို့ စိတ်ကူးရှိပါတယ်" ဟု ပြောသည်။

ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်တွင် ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအခြေအနေတည်ငြိမ်နေမှုများရှိခဲ့၍ ကျောက်တော်တောင် ဗုဒ္ဓပူဇနိယပွဲကို ရေပေါ်သင်္ကြန်နှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ (NN-12)

Photos - Kaung Mrat Kyaw Zan

ဆက်စပ် သတင်းများ