တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် မွေးမြူရေးကြက်ပေါက်များကို ဓာတုဆေးရောင်စုံဆိုးပြီး လိမ်လည်ရောင်းချမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ မတ် ၂၆ / ၂၀၂၃

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့ရှိစျေးများတွင် မွေးမြူရေးကြက်ပေါက်စကလေးများကို ဓာတုဆေးရောင်စုံဆိုးပြီး ကိုရီးယားကြက်ဟု ပြောဆိုကာ လိမ်လည်ရောင်းချမှုများရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါမွေးမြူရေးကြက်ပေါက်စကလေးများကို အနီ၊ အစိမ်း၊ အဝါ၊ ပန်းဆီစသည့် ဓာတုဆေးရောင်စုံများဆိုးပြီး တစ်ကောင်ကို ကျပ် ၁၅၀၀ ၊ နှစ်ကောင်ကို ကျပ် ၂၅၀၀ ဖြင့် စျေးထဲတွင် ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့မစျေးကြီးနှင့် ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်ရှိ စျေးကလေးတို့တွင် ယင်းသို့အရောင်ဆိုးထားသည့်ကြက်ပေါက်စကလေးများ လာရောက်ရောင်းချမှုများရှိနေပြီး ရောင်းသူများမှာ ပြည်မဘက်ကနေ လာရောက် ရောင်းချကြသည့် အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း ဂူတာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

"အရင်ရက်ပိုင်းတွေက အဲလိုကြက်တွေကို ဆေးဆိုးပြီးတော့ ရောင်းနေတယ်။ မွေးမြူရေး ကြက်ပေါက်ကလေးတွေကို အနီ၊ အစိမ်း၊ ပန်းရောင် ဆေးအစုံဆိုးပြီးရောင်းတာ။ အဲဒါကို ကိုရီးယားကြက်လိုလို၊ ဘာလိုလို ပြောပြီးရောင်းတာပါ။ ဒါပေမယ့် မွေးမြူရေးကြက်မှန်းသိသာတာပဲ" ဟု နိရဥ္စရာ သို့ပြောသည်။

အလားတူ သံတွဲမြို့မစျေးကြီးထဲတွင်လည်း ဓာတုဆေးဆိုးထားသည့် ကြက်ပေါက်စများ ရောင်းချနေသည်ကို အများအပြားတွေ့ရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

"သံတွဲမြို့မစျေးထဲမှာလည်း ရောင်းနေတာတွေအများကြီးပါ။ သုံးကောင်ကို ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်" ဟု ပြောသည်။

ယင်းသို့ ဆေးရောင်ဆိုးထားသည့် ကြက်ပေါက်ကလေးများကို အလှမွေးရန် ကလေးသူငယ်များက ပူဆာတောင်းယူ၍ ဝယ်ယူပေးနေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "ကလေးတွေက လိုချင်တော့ တချို့မိဘတွေက ဝယ်ပေးကြတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းသို့ဝယ်ယူပြီးနောက် ရက်အတန်ကြာတွင် အမွေးအတောင်အသစ်များထွက်လာသည်နှင့် ဆေးရောင်များပျောက်ကွယ်သွားပြီး မွေးမြူရေးကြက်အရောင်သို့ ပြန်ပြောင်းသွားကြောင်း ကြက်ပေါက်ကလေးများအား ဝယ်ယူမိသည့် တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"ကြက်ပေါက်လေးတွေက ရက်အတော်ကြာလို့ အတောင်တွေထွက်လာတာနဲ့ နဂိုမွေးမြူရေးကြက်လို အဖြူရောင်အမွေးတွေထွက်လာတယ်" ဟု ပြောသည်။

ရခိုင်ပြည်ထဲတွင်သာမက ရန်ကုန်တိုင်းထဲမှ လှည်းတန်းတဝိုက်နှင့် ပန်းဆိုးတန်းအခွန်ရုံး အနီးတို့တွင်လည်း မွေးမြူရေးကြက်ပေါက်များအပါအဝင် အိမ်မွေးတိရစ္ဆာန်များကို ဓာတုဆေးဆိုးပုံဖော်ပြီး လိမ်လည်ရောင်းချမှုများရှိကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့မိသည့် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။ (NN-23)

 

ဓာတ်ပုံ- သိမ်ကုန်းဆရာတော်

ဆက်စပ် သတင်းများ