- Web Master
- ၀၇ အောက်တိုဘာ ၂၀၂၄
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၂ / ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က
လေယာဉ်ဖြင့် ဗုံးကြဲ၍ သံဃာတော်များ၊ ကလေးများအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကြောင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF က
သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ (၁၁)ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် အကြောင်းမဲ့
လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင်
အပြစ်မဲ့ပြည်သူ(၁၂)ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ
များစွာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော
လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း
ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်”
ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် မတ္တရာမြို့နယ် စစ်ဘေးရှောင်များရှိရာ ဝေါစုရွာ
အောင်မင်္ဂလာသုခဘုန်းကြီးကျောင်းထဲသို့ တံတားဦးလေဆိပ်မှတက်လာသည့် J-fighter
တစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး တစ်လုံးနှင့် စက်သေနတ်အကြီးဖြင့်
ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း Wetlet Informational Network က ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်ခန့် ကလေး ဦးအပါဝင် ပြည်သူ ၉ ဦးနှင့်
သံဃာ ၃ပါး ပျံလွန်တော်မူပြီး ၅ ဦးထက်မနည်း( စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ ညနေ ၆ နာရီတွင်လည်း မိတ္ထီလာဘက်မှတက်လာသည့် J-fighter နှစ်စီးဖြင့် တုန်ကုန်းရွာနှင့် ယမ်းကုန်းရွာအနီး တဝိုက်သို့
လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်၍
ယမ်းကုန်းရွာထဲရှိ ပြည်သူပိုင် အိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်း
ထုတ်ပြန်ထားသည်။
မြေပြင်ထက် ဝေဟင်ကို အဓိက အသုံးပြုနေသောကြောင့် သက်ဆိုင်ရာ ကျေးရွာ
အဖွဲ့စည်းများ၏ လေကြောင်းကာကွယ်ရေးဆိုင်ရာ လမ်းညွှန်မှုများကို လိုက်နာပေးကြရန်
မတ္တရာမြို့နယ်ထဲရှိ မိဘ ပြည်သူများအား Wetlet Informational
Network က တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ-MDY PDF