ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် စစ်တပ်က အေအေတပ်စခန်းနှင့် ဒေသခံတချို့ကို လိုက်လံရှာဖွေမှုများရှိနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်(အေအေ)တပ်စခန်းနှင့် ဒေသခံတချို့ကို လိုက်လံရှာဖွေမှုများရှိနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၈ ရက်တွင် တောင်ကုတ်ဘက်မှ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ ချောင်းသုံးခွ ကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သား (၂၀) ကျော်ခန့်သည် ကိုမြင့်ဦးဆိုသူကို ရှာဖွေမေးမြန်းမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူတစ်ဦးက "သူတို့ လက်နက်တွေနဲ့ လယ်တဲထဲကို ဝင်လာပြီး လိုက်ရှာပါတယ်။ သူရှိလား။ သူက အေအေနဲ့ဆက်စပ်လားပေါ့။ နောက်တော့ ရှာမတွေ့တော့ နတ်သက်ချောင်း ချောင်းမဘက်ကို ထွက်သွားကြတယ်"ဟု ပြောသည်။

ယင်းအပြင် နောက်ထပ် လယ်တဲတစ်ခုကို ဝင်ပြီး "အေအေတွေ ဘယ်မှာလဲ။ စခန်းကိုသိလား" ဟု ဒေသခံများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ခူးတိုက်နယ်တွင် ယခုလပိုင်းအတွင်း စစ်ကောင်စီလှုပ်ရှားမှုများ အဆက်မပြတ်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

တောင်ကုတ်ဘက်မှ ခူးတိုက်နယ်၊ လက်ယာစတိုင်ဘက်သို့ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်သား ၃၀ ခန့် ၊ စက်တင်ဘာ ၈ ရက်တွင် ချောင်းသုံးခွကျေးရွာသို့ ၂၀ ကျော်ခန့်၊ စက်တင်ဘာ ၉ ရက်တွင် ၃၀ ကျော်ခန့်၊ စက်တင်ဘာ ၁၀ ရက်တွင်လည်း ကားနှစ်စီးနှင့် သံတွဲဘက်မှ လာသည့်တပ်သား ၃၀ ကျော်ခန့်သည် ညောင်ဖောက်ဘုန်းကြီးကျောင်းတွင် ခတ္တစခန်းချနေခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် တောင်ကုတ်နှင့် သံတွဲဘက်တို့မှ ကားနှင့်လာကာ ကျေးရွာများကိုလှည့်လည် စခန်းချသွားလာနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက စစ်ကြောင်း လှည့်လည်ကာ အေအေနှင့် ဆက်စပ်ပြီး မေးမြန်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းသည် ၄င်းတို့အနေနှင့် နယ်မြေစိုးမိုးမှုနှင့် လူထုကိုအင်အားပြလို၍ ဖြစ်သည်ဟု တောင်ကုတ်လူငယ်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"သူတို့အနေနဲ့ သူတို့မှာ လုပ်နိုင်စွမ်းရှိနေသေးတယ်ဆိုတာမျိုး အင်အားပြချင်သေးတာရယ်။ နောက်ပြီး နယ်မြေစိုးမိုးဖို့ ကြိုးစားတယ်လို့ပဲ မြင်ပါတယ်"ဟု ဆိုသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် စစ်ရေးလှုပ်ရှားမှုပိုများနေပြီး ကျောက်ဖြူနှင့် ဂွမြို့နယ်တွင် အေအေ သံသယနှင့် လူငယ် (၆) ဦးကို ဖမ်းဆီးစစ်ဆေးမှုများလည်း ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များရှိ အေအေတပ်စခန်းတည်ရှိရာနေများကို ဒရုန်းများဖြင့် ကင်းထောက်ရှာဖွေမှုများ ရှိခဲ့သည်။ (NN-7)

(ဓာတ်ပုံ- Cincds)

ဆက်စပ် သတင်းများ