အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်မှ စစ်ကောင်စီအရာရှိများ AA ထိုးစစ်ကိုကြောက်ပြီး နတ်ကနားပွဲပြုလုပ်ကာ တောင်ကုတ်မယ်တော်ရုပ်တုကို ပူဇော်ပသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 5.4k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ တပ်ရင်းမှူးများအပါအဝင် တာဝန်ရှိ စစ်အရာရှိများသည် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကိုကြောက်၍ “ တောင်ကုတ်မယ်တော်” ရုပ်တုကို နတ်ကနားပွဲလုပ်ပြီး ပူဇော်ပသခဲ့ကြသည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ က စကခ(၅)မှ တပ်မမှုး ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့်တပ်ရင်းမှူး ကျော်ထက်အပါအဝင် တောင်ကုတ်မြို့၏ တပ်ရင်း ၂ ခုမှ တပ်ရင်းမှူး များက ခမရ(၃၄၆)အနီးက တပ်ဦးတောင်စေတီတောင်ပေါ်တွင် တောင်ကုတ်မယ်တော် ရုပ်တုကို နတ်ကနားပွဲများပြုလုပ်ကာ ပူဇော်ပသခဲ့ကြောင်း ‌တောင်ကုတ်မြို့ခံ စစ်‌ရေးသတင်းအရင်း အမြစ်တစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ မနက် ၉ နာရီကနေ ၁၁နာရီအထိ  စကခ(၅)က တပ်မမှုး ဗိုလ်မှူးချုပ် ကောင်းမြတ်နဲ့တပ်ရင်းမှူး ကျော်ထက်ပါတယ်။ပွဲကိုဦးဆောင်တာကသူတို့။ နောက် ခမရ(၃၄၆) က တပ်ရင်းမှူးလည်းပါတယ်။ တောင်ကုတ်မှာ ရှိသမျှ စစ်ကောင်စီတပ်ရင်းက တပ်ရင်းမှူးတွေရော စစ်တပ်မိသားစုဝင်တွေ တောင်ကုတ်မယ်တော် ရုပ်ထုဖွင့်ပွဲပူဇော်ပွဲကျင်းပခဲ့ကြတယ်” ဟုပြောသည်။

သံတွဲနှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး တောင်ကုတ်မြို့ အနီးဝန်းကျင်တွင်လည်း စစ်ရေးတင်းမာလာသည့်အတွက် စစ်ကောင်စီသည် ယခုကဲ့သို့ “တောင်ကုတ်မယ်တော်” နတ်ရုပ်တုအား ပူဇော်ပသခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

“ ဒါက စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလို့ပြောလို့ရတယ်။ ရန်သူကိုချေဖို့ အကာအကွယ်ယူပြီး ပြုလုပ်တဲ့သဘောပေါ့။ ဒီလိုဖြစ်စဥ်တွေ မောင်တောတို့ သံတွဲတိုက်ပွဲ တုန်းကလည်း ပရိတ်နာတာတို့ ပဌာန်းရွတ်တာတို့ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ဘာထူးလဲ။ စစ်ဆိုတာက တိုက်ရတာလေ ဒီလိုတွေလုပ်နေတာက အကြောက်လွန်ပြီးလုပ်နေတယ်လို့ပဲမြင်တယ်” ဟု ပြောသည်။

အဆိုပါ “ တောင်ကုတ်မယ်တော်” ရုပ်တုကို ပြီးခဲ့သည့် ဇူလိုင်လမှစပြီး စတင်ထုထားခြင်းဖြစ်ပြီ ရုပ်တုပြီးစီးသည့် ယခုသြဂုတ်လတွင် အခမ်းအနားပြုလုပ်ကာပွဲတော်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် စစ်‌ကောင်စီမှ အင်အားတိုးချထားခြင်း၊ အရပ်ဝတ်ဖြင့် အေအေ သတင်းများအား ထောက်လှမ်းစုံစမ်းခြင်း၊ စနိုက်ပါသမားများကို နေရာအနှံ့အပြားတွင် ထားရှိခြင်း၊ မြို့အဝင် လူသွားလူလာလမ်းများတွင်လည်း မြေမြှုပ်မိုင်းများကိုထောင်ထားပြီး ခံစစ်များပြင်ဆင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ရက်နေ့နှင့်၁၆ ရက်နေ့ ကလည်း တောင်ကုတ်မြို့နယ်မှ မိုးတောင်နှင့် မိုးပညာဒါနကျောင်းနှင့် အောင်မင်္ဂလာကျေးရွာအနီးကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးလာကြဲခဲ့သည့် ဖြစ်စဥ်များလည်းရှိခဲ့ကြောင်း သိရသည်။

တောင်ကုတ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဦးနှစ်ဖက် စစ်‌ရေးအခြေအနေ တင်းမာ နေမှုများရှိနေသည့် အတွက် ဒေသခံများမှာ အထူးသတိထား သွားလာနေထိုင်ကြရန်လိုအပ်နေကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက‌ ပြောသည်။ ( ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)

ဆက်စပ် သတင်းများ