စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်ရှိ နံ့သာကျွန်းကို မြန်မာနိုင်ငံ၏ ဒုတိယမြောက်အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၂ /၂၀၂၂
ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျွန်းကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက "နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့စွဲဖြင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်ပြဋ္ဌာန်းခံလိုက်ရသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းတွင် ပိုအားကောင်းလာမည်ဖြစ်ပြီး ဒေသခံများအတွက်လည်း များစွာအကျိုးရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ကိုရန်နောင်စိုးက နိရဥ္စရာကိုပြောသည်။
"လက်ရှိ အစ်ကိုတို့ထိန်းသိမ်းရေးလုပ်နေတဲ့အပိုင်းက လုံလောက်မှုမရှိဘူးလေ။ အခုလိုသတ်မှတ်ခံလိုက်ရတော့ အစိုးရဘက်ကလည်း လိုအပ်တဲ့ ထောက်ပံ့မှု၊ ကာကွယ်ထိန်းသိမ်းရေးတွေ ပေးကောင်းပေးလာနိုင်တယ်လေ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း တရားဝင်သတ်မှတ်ခံရတဲ့အတွက် ထိန်းသိမ်းရေးနယ်မြေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေလည်း အများကြီးအများကြီးပေးလာနိုင်တယ်ပေါ့။ ဒါဆို အများကြီး ထိန်းသိမ်းမှုတွေလုပ်လာနိုင်ပြီ"ဟု ပြောသည်။
နံ့သာကျွန်းသည် ရေမြေဧက ၂၂,ဝဝဝ ကျော်ကျယ်ဝန်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။
အဆိုပါကျွန်းတွင် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက်များ အများဆုံးလာရောက်ဆောင်းခိုလေ့ရှိသည်ဟု သိရသည်။
နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများနှင့် ဒီရေတောများရှိသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် ရေဝပ်ဒေသနယ်မြေတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံရသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိလာနိုင်ပြီး ဒေသခံပြည်သူများ သက်ဆိုင်ရာဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများက ပူးပေါင်းကာကွယ်ကြရမည်ဟု စစ်တွေမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းမင်းအေးက နိရဥ္စရာကို ပြောသည်။
"ငှက်လေ့လာသူတွေ၊ ငှက်သုတေသနလုပ်လိုသူတွေ ဒီဧရိယာထဲမှာ အသေးစိတ်လာလေ့လာလို့ရတာပေါ့။ နောက်ပြီး ဒီကျွန်းကို ရေရှည်ထိန်းသိမ်းဖို့အတွက်ဆိုရင် ဒေသခံပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ အဖွဲ့စည်းနဲ့ ပူးပေါင်းပြီး ကာကွယ်ထိန်းသိမ်းဖို့လိုအပ်တာပေါ့။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမယ်ဆိုရင် ဒေသနေပြည်သူတွေလည်း အလုပ်အကိုင်အခွင့်လမ်းပေါ်လာနိုင်တယ်။ အသိပညာပေးလုပ်ငန်းတွေလည်း ဆက်လက်ဆောင်ရွက်ရမှာပေါ့" ဟု ပြောသည်။
ယခုကဲ့သို့ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံရပြီးနောက် အဆိုပါကျွန်းတွင်ရှိသော ငှက်မျိုးစိတ်များနှင့် ရေနေသတ္တဝါများကို ဖမ်းဆီးခြင်း၊ သဘာဝပေါက်ပင်များကို ခုတ်ယူခြင်း၊ သဲများအား ခိုးယူတူးဆွသယ်ဆောင်ခြင်းစသည့်အချက်များကို မပြုလုပ်ရန်နှင့် တားမြစ်ချက်အားဖောက်ဖျက်ပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။
နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်။
နံ့သာကျွန်းသည် ရခိုင်တွင် ပထမဆုံးသောအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံလိုက်ရသလို မြန်မာနိုင်ငံတွင် ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံရသောနေရာဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသောအဏ္ဏဝါအမျိုးသားဥယျာဉ်မှာ တနင်္သာရီတိုင်းရှိ လန်ပိကျွန်းဖြစ်သည်။
ဓာတ်ပုံ - သျှင်မင်းဇံ၊ အေးမြတ်ခိုင်/ နိရ ဉ္စရာ

ဆက်စပ် သတင်းများ