အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီလေတပ်က ရခိုင်က အနည်းဆုံး မြို့နယ် ၄ ခုကို ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 725

(သေဆုံးသူ အရပ်သား ၂၀ နီးပါးခန့်ရှိပြီး ဒဏ်ရာသူများလည်းရှိ)

စောရှင်မေ၊ နောင်မင်းသူ၊ ကံ့ကော်နီနီ၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄

အကြမ်းဖက် စစ်ကောင်စီလေတပ်က ရခိုင်ပြည်မှ  စစ်တွေ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့် မောင်တောမြို့နယ်တို့မှ လူနေကျေးရွာများကို အောက်တိုဘာ ၇ ရက်နေ့ ညနေနှင့် အောက်တိုဘာ ၈ ရက် နံနက် အစောကြီး ညအချိန်တွင် ဗုံးကြဲတိုခိုက်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့နယ်တွင် မင်းလှရွာနှင့် ဝါဘိုကျေးရွာဘက်ကို ယနေ့ အောက်တိုဘာလ ၈ ရက်၊ ည ၁ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံး ၅ လုံးလာကြဲသွားကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

"အရင်ဆုံး နှစ်လုံးပူး နှစ်ခေါက်လာချတယ်။ နောက် နှစ်မိနစ်လောက်အကြာမှာ ထပ်ပြီး တစ်လုံးချတယ်။ အိမ်တွေတောင် တုန်သွားတယ်။ အိပ်နေတာလန့်နိုးသွားတယ်" ဟုပြောသည်။

မင်းလှကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည့် တိုက်ပွဲဖြစ်သည်။

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ကွမ်းတောင်၊ ပန်းနီလာနှင့် ဆင်အင်းကြီးကျေးရွာအနီးရှိ မြောင်ကြီးကျေးရွာတို့ကို ယနေ့ နံနက်အစောကြီး ညအချိန်တွင် လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့သည်ဟု စစ်ရေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

လေကြောင်းမှ ဗုံးကြဲအပြီး မကြာမီမှာဘဲ စစ်တွေရဲတပ်ရင်း အမှတ်(၁၂)နှင့် ပါဒလိပ်တပ်ရင်းတို့ကလည်း စစ်တွေက ဝါဘိုနှင့်  မင်းလှ ကျေးရွာတွေ အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာရွာဘက်နှင့် ပေါက်တော၊ ရသေ့တောင်ဘက်တို့ကိုလည်း ည ၃ နာရီခန့်အထိ လက်နက်ကြီးများဖြင့်  ရမ်းသန်းပစ်ခတ်ခဲ့သသည်ဟု သူကဆက်ပြောကြားသည်။

"ရဲတပ်ရင်းက လက်နက်ကြီးပစ်တာ တစ်ခေါက်ပစ်ရင် နှစ်လုံးပူးအတွဲလိုက်ပဲ။ ပြီးရင် ပါဒလိပ်တပ်ရင်းကလည်း ပစ်တယ်။ အားလုံးပေါင်း အလုံးရေ ၂၀ ကျော်လောက်ရှိတယ်။ အရင်က စစ်ဖြစ်ခဲ့တဲ့နေရာတွေကိုပဲ ပစ်နေကြတာ။ အေအေရှိတယ်လို့ စွပ်စွဲပြီး လူနေရွာတွေကို ပစ်နေကြတာပ" ဟု ပြောသည်။

ဗုံးလာကြဲခဲ့သော်လည်း အထိအခိုက် အသေအပျောက် ရှိ မရှိကို မသိရသေးဟု ဆိုသည်။

အလားတူ တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင်  ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၁၅ ဦး သေဆုံးခဲ့ဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ တချို့မှာ အပျက်အစီးကြားတွင် ပျောက်ဆုံးနေသည်ဟု သိရသည်။  

မြို့ခံတစ်ဦးက  " ရွာသစ်ဈေးနားက တန်းလျားတွေနဲ့ကပ်နေတဲ့အိမ်တတည့်တည့်ကျတယ်လို့ သိရတယ်။ လက်ရှိသိထားရသလောက် ဆယ့်ငါးဦးလောက်နေရာမှာပွဲချင်းပြီးသေသွားတယ်။ အပျက်စီး တွေကြားမှာ တခြားလူတွေ ရှာလို့မတွေ့သေးတာလည်းရှိနိုင်ပါတယ်" ဟု ပြောသည်။

မောင်တောမြို့နယ်တွင် မြို့နယ် တောင်ပိုင်းရှိ ခရေမြိုင်ကျေးရွာနှင့် မြို့နယ်မြောက်ပိုင်းရှိ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် လှဖိုးခေါင် အမှတ် (၁၁) နယ်မြေအနီးရှိ ပြင်ဖြူအား ယမန်နေ့ အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီကျော်ခန့်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသအတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ခရေမြိုင်ကျေးရွာတွင် လမ်းပေါ်ဆိုင်ကယ်စီးနေသည့် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပြင်ဖြူတွင် အထိအခိုက် သေဆုံးမှု ရှိ မရှိကို မသိရသေးပါ။

ယခုဗုံးကြဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၇ ရက်နေ့ သတင်းထုတ်ပြန်ချက်အထဲတွင် စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြသည်။  

 

ဆက်စပ် သတင်းများ