- Web Master
- ၁၉ အောက်တိုဘာ ၂၀၂၄
ဂါဇာဒေသတွင် ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြင့်နေဆဲဖြစ်ပြီး မကြာမီအချိန်အတွင်း အစ္စရေး စစ်တပ်က ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းများမှတစ်ဆင့် ထိုးစစ်ဆင်တော့မည်ဟု ကြေညာသည်။
လူဦးရေထူထပ်သော ဂါဇာစီးတီးနှင့် မြောက်ပိုင်းမှ ပါလက်စတိုင်း တစ်သန်းကျော်တို့အား တောင်ပိုင်းသို့ ရွှေ့ပြောင်းကြရန် ကြေညာခဲ့ပြီးနောက် ဂါဇာဒေသခံများသည် အထုပ်အပိုးကိုယ်စီဖြင့် တောင်ပိုင်းသို့ အလုံးအရင်း ထွက်ပြေးနေကြသည်။
ယခုကဲသို့ လူအမြောက်အများအား နေရာရွှေ့ပြောင်းစေမှုမှာ ဂါဇာဒေသခံများအား ချောက်ကမ်းဘား တစ်ခုထဲသို့ တွန်းချနေသည်နှင့်တူပြီး မြင်တွေ့ရသောအခြေအနေမှာ အလွန်ဆိုးရွားလှသည်ဟု ဂါဇာရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီတစ်ခုက ဆိုသည်။
“ နိုင်ငံတစ်ခု ပျက်သုန်းလို့ လူတွေ အစုအပြုံလိုက် ထွက်ပြေးကြတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ လူတွေအားလုံး ရရာ အထုပ်အပိုးကိုယ်စီသယ်ပြီး လမ်းလျှောက်သွားနေတာ တွေ့ရတယ်။ တတ်နိုင်သူတွေကတော့ မော်တော်ကားတွေနဲ့ ပေါ့။ လူတချို့က မွေ့ယာတွေ ထမ်းသွားတာ မြင်ရတယ်” ဟု ကုလကယ်ဆယ်ရေး အေဂျင်စီမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှူ ဂျူးလိယက်စ် တော်မာက ပြောသည်။
ထိုအတောအတွင်း ဂါဇာဒုက္ခသည်များအတွက် အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်းသည် ဂါဇာထဲသို့ ဝင်မရဘဲ အီဂျစ်ဘက်အခြမ်း ရာဖာ့ နယ်စ်ဂိတ်တွင် ပိတ်မိနေသည်။
အီဂျစ် နှင့် တူရကီတို့မှ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ရှည်လျားသော ကုန်တင်ယာဉ်တန်းကြီးကို နယ်စပ်ဂိတ်အနီးရှိ အားရစ်မြို့တွင် မြင်တွေ့ရသည်။
ပြီးခဲ့သည့်ရက်များအတွင်း အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဘက်ခြမ်းရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ပျက်စီးသွားပြီး ပိတ်ထားလိုက်ရသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ ဂါဇာမှ အီဂျစ်သို့ လူ နှင့် ကားများ ဝင်ထွက်နိုင်သည့် တစ်ခုတည်းသော ဂိတ်ပေါက်ဖြစ်ရာ ကယ်ဆယ်ရေး အေဂျင်စီများက ပြန်ဖွင့်ပေးရန် အာဏာပိုင်များကို တိုက်တွန်းထားသည်။
ထိုနယ်စပ်ဂိတ် ဖြတ်ကျော်ခွင့် နှင့်ပတ်သက်ပြီး အီဂျစ်၊ဟားမတ်စ် နှင့် အစ္စရေး တို့က ခွဲဝေတာဝန်ယူထားရာ မကြာခဏ ပိတ်ထားပြီး ဖြတ်ကျော်ရေးအတွက် နှောင့်နှေးမှုများ ရှိနေသည်။
ဗြိတိန် နှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများက ဂါဇာမှ ထွက်ခွါမည့် မိမိတို့နိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ဂိတ်ရှိရာ ရာဖာ့မြို့သို့ သွားရောက်ကြရန် တိုက်တွန်းထားသည်။ သို့မှသာ နယ်စပ်ဂိတ်ဖွင့်သည်နှင့် ဂါဇာမှ ထွက်နိုင်မည်ဖြစ်သည်။
NN-27
ref:BBCWorld