- Web Master
- ၃၁ သြဂုတ် ၂၀၂၄
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ တိုးပွားလာနေစဉ် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်ကောင်စီအား ယနေ့ နိုဝင်ဘာ(၆)ရက်တွင် တိုက်တွန်းလိုက်သည်။
မြန်မာစစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် တရုတ်နယ်စပ်တစ်လျှောက်တွင် တည်ငြိမ်အေးချမ်းမှုရရှိအောင် ကြိုးပမ်းမည်ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။
“တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ နယ်စပ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး အတွက် ထိရောက်တဲ့ ဆောင်ရွက်မှုလုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်”ဟု တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နောင်ရောင်း က ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
ပြီးခဲ့သည့် စနေနေ့က မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း နယ်စပ်ကျော်လွန်ပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု Asia Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ သွားရောက်ခဲ့သည့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်မှုရအောင် ပါဝင်ပတ်သက်နေသူများအားလုံးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားသည်။
လတ်တလောတွင် ထိုင်းနိုင်ငံသည် နယ်စပ်ဒေသတွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကယ်ထုတ်ရန် ကြိုးပမ်းလျှက်ရှိနေသည်။
တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်အစိုးရအဖွဲ့အစည်းများ နှင့် စီမံကိန်းများ၏ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ပေးရန် စစ်ကောင်စီကို တိုက်တွန်းခဲ့သည်။
တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်၏ ခါးပတ် နှင့် လမ်းများစီမံကိန်း( BRI) တွင်ပါဝင်သော စီမံကိန်းနေရာများနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ တရုတ်နိုင်ငံအထိ ဆက်သွယ်ထားသော ၇၉၃ ကီလိုမီတာရှည်လျားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။
ref:CNA