တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ထား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂ ရက်၌ ထပ်မံထုတ်ပြန်လာခဲ့ကြောင်း မင်းပြား မြို့မိမြို့ဖတစ်ဦးက နိရဥ္စရာကိုပြောသည်။

နှစ်လတစ်ကြိမ်ပုံမှန်ထုတ်တယ်လို့ကြားမိတယ်။ အမိန့်က ခုထိမရုပ်သိမ်းပါဘူး။ စာကတာဝန်အရထုတ်တာပါ။ ညထွက်ရင်လည်းအရေးမယူဘူး။ သွားနေကြတာပဲ”ဟုပြောသည်။

မင်းပြားတွင် ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂ ရက်နေ့က သက်ဆိုင်ရာဌာနများထံသို့ အမိန့်စာရွက်ထုတ်ထားသော်လည်း ဒေသခံများကို တရားဝင်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်သည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ရန်လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ယခုလို ဒေသတည်ငြိမ်အေးချမ်းနေသည့်အချိန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် စစ်ကောင်စီက ရခိုင်လူထုဘဝကို ချုပ်ချယ်ခြင်းနှင့်တူသည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

ခုလို တိုက်ပွဲလည်းမရှိ၊ ဒေသအခြေအနေလည်း တည်ငြိမ်နေတဲ့အချိန်မှာ ဒီလိုအမိန့်စာတွေထုတ်ပြန်တာက စိတ်အနှောင့်အယှက်ဖြစ်တယ်ပေါ့နော်”ဟုပြောသည်။

စစ်ကောင်စီက ညမထွက်ရအမိန့်ကို ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ မင်းပြားအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ အမ်းနှင့်မြေပုံစသည့် မြို့နယ်များ၌ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ပြန်လျက်ရှိနေကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ