တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားဆေးရုံကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရခိုင်ပြည်နယ်၊မင်းပြားမြို့ အခြေစိုက်စစ်ကောင်စီတပ်များက ယမန်နေ့ ညအချိန်က မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

 ဆေးရုံအပျက်အစီးကို ကိုယ်တိုင်လားရောက်ကြည့်ရှုခဲ့သည့် အရပ်သားတစ်ဦးက “ မနေ့ညက မင်းပြားကိုဖြိုပစ်တာ။ ဆေးရုံလည်း မရှောင်ပစ်တာဘဲ။  ဆေးရုံထဲကို လက်နက်ကြီးကျည်ကျတယ်။ ခွဲခန်းတစ်ခုလုံး ပျက်စီးသွားတယ်" ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီ လောက်က စစ်ကောင်စီတပ်သားများသည် မင်းပြားမြို့ထဲကို  လှည့်လည်ပြီး သေနတ်များဖြင့် ပစ်ခဲ့သလို လူနေအိမ်များ၊ အစိုးရအဆောက်အဦများ အပါအဝင် ဆေးရုံကိုလည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

 

၎င်းပြင် မင်းပြားကျိန်းတောင်ထက်ကလည်း  လက်နက်ကြီးများနှင့် လူနေရပ်ကွက်များထဲကို တမင်ရည်ရွယ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


 

“ ဆေးရုံကိုထိတဲ့ လက်နက်ကြီးကျည်က ကျိန်းတောင်က ပစ်တဲ့လက်နက်ကြီးလို့ ယူဆလို့ရပါတယ်။ လက်နက်ကြီးဆိုတာက သေချာချိန်ပြီး မြေပုံအညွှန်းတွေနဲ့ ပစ်ခတ်ရတာဆိုတော့ တမင်ပစ်တယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မင်းပြားဆေးရုံသည် ခုတင်(၅၀)ဆံ့သည့် ဆေးရုံတစ်ခုဖြစ်ပြီး မင်းပြားဒေသခံများအပါအဝင် ပေါက်တော၊ မြေပုံနှင့်မြောက်ဦးမြို့နယ်များမှ  ဒေသခံများ ဆေးကုသမှုခံယူမှုရှိလျက်ရှိနေကြောင်း၊ သို့သော်လည်း လူနာများ ဒဏ်ရာရရှိခြင်းမရှိဟု သိရသည်။

"  ကျည်က ခွဲခန်းမှာ ကျတာဆိုတော့ လူနာတွေထိခိုက်တာမရှိဘူး။ ဆေးရုံပေါ်ကျရင်တော့ မလွယ်ဘူး။ ခွဲခန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ ကျွန်တော်တို့ အရပ်သားတွေ မခန့်မှန်းတတ်ဘူး။ ပျက်စီးတာတော့ များတယ်”ဟု ဆိုသည်။

မင်းပြားမြို့ တွင်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့ကနေစပြီး  နေ့စဉ် ညအချိန် ကျိန်းတောင်ပတ်လည်တွင် တပ်စွဲထားသည့် ခမရ (၃၇၉)၊ (၅၄၁) နှင့် (၃၈၀) တပ်ရင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူနေမြို့ပေါ် ရပ်ကွက်များအပါအဝင် ကျေးရွာများကို ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

ယမန်နေ့ ညအချိန်တွင်လည်း စစ်သားများက  မြို့ထဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သဖြင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးကြောင်း သိရသည်။ (NN-11)


ပုံစာ- လက်နက်ကြီးကျည်ထိမှန်ခဲ့သော မင်းပြားဆေးရုံခွဲစိတ်ခန်းကိုတွေ့ရစဉ်။

 

ဆက်စပ် သတင်းများ