တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားတိုင်းဗဟို(၉)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၆ဦး ဒဏ်ရာရ၊


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

 (၂ နှစ်သားအရွယ် ကလေးငယ်တစ်ဦးနှင့် ၁၈ နှစ်အရွယ်မိန်းခလေးတစ်ဦးတို့ ဒဏ်ရာပြင်းထန်)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို(၉)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အိုးပုံရွာထဲကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲက  ၂နှစ်သားအရွယ် ကလေးတစ်ဦးနှင့် ၁၈ နှစ် အရွယ် မိန်းခလေးတစ်ဦးတို့ ဒဏ်ရာပြင်းထန်သည်ဟု သတင်းရရှိသည်။


ယနေ့ နိုဝင်ဘာ ၂၉ရက်နေ့ ည၇နာရီခွဲခန့်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ  စစ်ကောင်စီ တိုင်းဗဟို (၉)မှ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများသို့ ပစ်ခတ်ခဲ့သည်ဟု ပြိုင်းချောင်း ကျေးရွာမှ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မင်းပြားတိုင်း ဗဟို၉က နေ့တိုင်းပစ်တယ်။ ဒီနေ့မှာတော့ လက်နက်ကြီးကျည်တစ်လုံးက အိုးပုံရွာကို ကျော်သွားတယ်။  နောက်တစ်လုံးက ရွာထဲကိုကျတာ။ အဲဒီမှာ ပေါက်ကွဲလို့ ဒဏ်ရာ‌ ၆ ယောက်ရတယ်။ ကလေးငယ်နဲ့ ၂ယောက်ကတော့  ဒဏ်ရာပြင်းတယ်"ဟုပြောသည်။

အသက်၂နှစ်အရွယ် မောင်လင်းသိန်းစိုးနှင့် အသက် ၁၈ အရွယ် မခင်မြင့်သန်းတို့မှာ ဒဏ်ရာ ပြင်းထန်သဖြင့်  မင်းပြားမြို့နယ် ပြိုင်းချောင်းဆေးခန်းသို့ ဆေးကုသရန်  ပို့ဆောင် ထားကြောင်း သိရသည်။



မောင်လင်းသိန်းစိုးတွင် လက်နက်ကြီး ကျည်စထိမှန်မှု‌ကြောင့် ၀မ်းဗိုက်တွင် အူပွင့်ထွက်သွားပြီး မခင်မြင့်သန်းတွင် ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု ကိုယ်တိုင်သွားကြည့်ခဲ့သူ ပြိုင်းချောင်းရွာက  အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"သူတို့ဘက်က ဖုန်းလိုင်းမရဘူး။ ညီမတို့ရွာကိုဆေးခန်းပြဖို့ နှစ်ယောက်ရောက်နေတယ်။ ကလေးမှာ အူထွက်နေတယ်။ သူက ဝရန်တာခန်းက ပုခက်ပေါ်မှာအိပ်နေတုန်းထိသွားတာ။ အရမ်းသနားဖို့ ကောင်းတယ်။ နောက်မိန်းကလေးတစ်ယောက်ကခေါင်းမှာထိတယ်။ တိုက်ပွဲရှိတာလည်း မဟုတ်ဘဲနဲ့ ဒီလို အသားလွတ်ပစ်နေတာ"ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်၊ ညက မင်းပြားမြို့ရှိ ကျိန်းတောင်စစ်ကောင်စီတပ်၊ ရာမောင်တံတား အနီးရှိ စစ်ကောင်စီတပ်၊ ကြပ်စင်တံတားအနီး စစ်ကောင်စီ တပ်များက ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ပြီး ကေသလာချောင်း၀ရွာမှ အသက် ၇၀ကျော် သက်ကြီးပိုင်း အမျိုးသား တစ်ဦးသေဆုံးသွားခဲ့သည်။

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက် အထိ (၈) ရက် အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ပိုင်းတွင်လည်း စစ်ကောင်စီက ပစ်ခတ်သည့် ကျည်ထိမှန်သေဆုံးသူများ ရှိသဖြင့် အရေအတွက်မှာ ယခုထက်များပြားနိုင်သည်ဟု သိရှိရသည်။  (NN-11) 

ဆက်စပ် သတင်းများ