တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမှ‌ ပေါက်တောသို့ ပြန်သည့် စက်လှေတစီးကို စစ်တပ်က သေနတ်ဖြင့်လှမ်းပစ်၍ အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master (NN 11,NN 13)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

Update News:
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ မှ  ပေါက်တောမြို့နယ်သို့ ပြန်သည့် ဟွန်ဒါ စက်လှေတစ်စီးအား စစ်တပ်က သေနတ်ဖြင့်လှမ်းပစ်၍ ၁ ဦးသေဆုံးသွား‌ပြီး အလောင်းကို မကောက်နိုင်သေးဟု သတင်းရရှိသည်။

အဆိုပါစက်လှေသည် ပေါက်တောမြို့နယ်၊ ဖဒူရွာမှ ဖြစ်ပြီး မင်းပြားမြို့နယ် အတွင်းရှိ  ငါးတန်ပျင်းချောင်းထဲတွင်  သွားနေစဉ် ယနေ့ ဒီဇင်ဘာ ၆ ရက်၊ နံနက်က မင်းပြားမြို့အနီး ဘူးပင် အခြေစိုက် တပ်ရင်း ခမရ (၅၄၁) တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

"  မင်းပြားဖက်က သူ့ညီမ တွေကိုသူက သွားခေါ်တာ။ မင်းပြားကအပြန် ပေါက်တောဖဒူကို ပြန်တဲ့လမ်းမှာ စက်လှေနဲ့လာတာကို ဘူးပင်တပ်ရင်း ၅၄၁ ကစက် သေနတ်နဲ့လှမ်းပစ်တာ" ဟုပြောသည်။

သေဆုံးသူမှာ ပေါက်တောမြို့နယ်၊ ဖဒူရွာမှ အသက် ၄၂နှစ်အရွယ်ဦးမောင်ဝင်းလှိုင်ဖြစ်ပြီး လက်ရှိအချိန်ထိ အလောင်းမကောက်ရသေးဟု လူမူရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

" အလောင်း ကို အခုအထိမကောက်နိုင်သေးဘူးလို့သိရတယ်။ အခုလည်း စစ်တပ်က သေနတ်တွေ ဆက်ပစ်နေတယ်"ဟုပြောသည်။

စက်လှေပေါ် ပါလာသည့် ကျန်အမျိုးသမီး ၃ ဦးမှာနှင့် ကလေးတစ်ဦးမှာ အထိအခိုက်မရှိဘဲ  ထွက်ပြေး လွတ်မြောက်သွားသည်ဟု  ဖဒူရွာနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

" သေနတ်နဲ့ပစ်တာဆိုတော့ တစ်ယောက်ပဲထိသွားတယ်။ ကျန်သုံးယောက်ကလွတ်သွားတယ်" ဟုပြောသည်။

လက်ရှိတွင် သူတို့မိသားစုသည် မင်းပြားမြို့နယ်၊ ငတန်ပျင်းရွာသို့ရောက်ရှိနေသည်ဟု ကြားသိနေရသော်လည်း နိရဉ္စရာမှ ဆက်သွယ်၍ မရသေးပါ။

ယနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၉ နာရီခွဲခန့်မှစတင်ကာ မင်းပြားမြို့၏ တောင်ဘက်အစွန်ဆုံး ၁ မိုင်ခန့် အကွာရှိ မယ်‌တော်တောင်တွင်တပ်စွဲထားသည့် ခမရ ၅၄၁ တပ်က မြို့အနီးအနားမှ သွားလာသည့် ဆိုင်ကယ်များနှင့် ငါးတန်ပျင်းချောင်းအပါအဝင် မင်းပြားမြစ်အတွင်း သွားလာနေသည့် စက်လှေများအား စက်သေနတ်ဖြင့် လှမ်းပစ်ခဲ့သည်ဟုဒေသခံများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၅ ရက်ကလည်း အဆိုပါတပ်က လမ်းသွားလမ်းလာများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စာရင်းအရ စစ်ကောင်စီ၏လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၀ ရှိလာပြီဟု ရက္ခိုင့်တပ်တော်(AA)၏ပြောခွင့်ရသူ  ဦးခိုင်သုခက ယနေ့တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင်  နိရဉ္စရာကို ပြောဆိုထားသည်။ (NN-11)

ဓာတ်ပုံ - ရခိုင်ရှိ စက်လှေတစ်စီးအား တွေ့ရစဥ်။ ( အခင်းဖြစ်ပွားသည့် သတင်းနှင့် သက်ဆိုင်မှုမရှိပါ)

ဆက်စပ် သတင်းများ