တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားရာမောင်မြစ်တွင် မျောပါနေသော စစ်ကောင်စီအလောင်း ၁၁ လောင်း တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

မင်းပြားမြို့ ရာမောင်မြစ်တွင် စစ်ကောင်စီတပ်သား အလောင်း (၁၁) မျောနေသည်ကို ယနေ့တွင် တွေ့ရှိခဲ့ရသည်ဟု ဒေသခံ တစ်ဦးကပြောသည်။

“ဘယ်နေ့က သေသွားတဲ့ အလောင်းတွေတော့မသိဘူး။ ဒီနေ့ နေ့လယ်က မျောနေတာကို တွေ့ရပါတယ်။ စုစုပေါင်း ၁၁ လောင်းပါ။ စစ်ဝတ်စုံတွေပါ တွေ့ရပါတယ်” ဟု ပြောသည်။

ယခုချောင်းထဲတွင် မျောပါနေသည့် စစ်သားများမှာ မည်သည့်နေ့က သေဆုံးသွားသည့် သူများဖြစ်သည်ကို မသိရှိရသေးဟု ၎င်းက ပြောဆိုသည်။

ယခုစစ်သားများ အလောင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့က ရေတပ်ဇက်ရေယာဉ်ဖြင့် ကြပ်စင်တံတားမှ မှ ကုန်းပေါ်သို့ တက်ရန် လာရောက်သည့် စစ်ကူစစ်သားများဖြစ်နိုင်ကြောင်း၊ အဆိုပါနေ့က ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့ကာ ချေမှုန်းခဲ့၍ စစ်သားအများအပြားသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် ရေတပ်ဇက်ရေယာဉ်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး အလောင်းများမှာ ရာမောင်မြစ်ထဲတွင် မျောနေကြောင်းဖြင့်လည်း သတင်းများ အဆိုပါနေ့က ထွက်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့ မင်းဗာကြီးရပ်ကွက် ဆိပ်ကမ်းတွင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်မှုတစ်ခုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး၏ အလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိသည့်  ရုပ်သံဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

(ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ