နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် တပ်မတော်အာဏာသိမ်းမှုကို လူပေါင်း သုံးထောင်ကျော် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်ဟု သံတွဲမြို့မှ ကိုနေဇော်က ပြောသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က သံတွဲမြို့အတွင်း လှည့်ပတ်ကာ လမ်းလျှောက်ပြီး ဒေသခံ သုံးထောင်ကျော်ခန့်က တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း ၎င်းက ပြောဆိုသည်။
“ဆန္ဒပြသူတွေထဲမှာ တချို့က ကြွေးကြော်တယ်။ တချို့က လက်သုံးချောင်းထောင်ပြီးပေါ့နော်။ ရဲတွေနဲ့တွေ့တော့ လူစုခွဲလိုက်ရပါတယ်။ အဲဒီအထဲအမှာ ရဲရော စစ်သားတွေပါ စုစုပေါင်းက ၃၅ ယောက်လောက်ရှိပါတယ်။ သူတို့က ဟန့်တားပြီး လူစုခွဲလိုက်တာပါ” ဟု ပြောသည်။
ဆန္ဒပြသူများ လမ်းလျှောက်ချီတက်လာရာ နံနက် ၁၁ နာရီခန့်တွင် ပြန်ကြားရေးရုံးရှေ့သို့အရောက်တွင် လူစုခွဲလိုက်ရကြောင်း သံတွဲမြို့မှ ကိုဇွဲထက်မာန်က ပြောသည်။
“အဲဒီမှာ စစ်အာဏာရှင်ကို အလိုမရှိဆိုပြီးတော့ ကြွေးကြော်ကြပါတယ်။ ရဲတွေနဲ့တွေ့တော့ ပြည်သူတွေက “ပြည်သူ့ရဲ ပြည်သူ့ရဲ” ဆိုပြီး ထပ်အော်ကြတယ်။ အဲဒီမှာ ၁၅ မိနစ်လောက်ကြာတော့ ရဲတွေနဲ့ညှိနှိုင်းပြီး လူစုပြန်ခွဲလိုက်ကြပါတယ်။” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်လည်း ယနေ့ နံနက် ၈ နာရီခွဲမှစ၍ ဒေသခံ တစ်ထောင်ခန့်က တပ်မတော်အာဏာ သိမ်းမှုကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်ကိုယ်စီစီးကာ ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။