- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
ချစ်အိလှိုင်
တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်တို့ကို ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
၄င်းတို့အား ယနေ့ ရုံးချိန်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်ကပြောသည်။
“ အခုပဲ အမိန့်ချတယ်ပေါ့နော်။ တရားလိုက သံသယနဲ့တရားစွဲတယ်လို့ပဲ ရုံးတော်က သုံးသပ်တယ်။ ဒီတရားခံတွေပေါ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၂၅၈၊၁ )အရ တရားသေလွှတ်လိုက်ပါတယ်။ လေးယောက်စလုံးလွတ်လာပြီ” ဟုပြောသည်။
ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက “ဒီနေ့ရုံးချိန်းကိုလိုက်မသွားလိုက်ဘူး။ အဖေတို့ လွတ်တယ်လို့အခုပဲ သတင်းရလို့ ရုံးကိုလိုက်သွားနေပါတယ်။ အတည်ပြုလို့ရပါတယ်။ သိပ်ဝမ်းသာပါတယ်” ဟုပြောသည်။
သူတို့၏ မိတ်ဆွေတစ်ဦးက “ ယနေ့ညနေ ၃ နာရီခန့်က လွှတ်ပေးလိုက်တာပါ။ အခုရဲစခန်းကို ခေါ်သွားပါတယ်။ အပြင်ထွက်မလာသေးဘူး” ဟု ယနေ ၄ နာရီက ဆက်သွယ် ပြောဆိုသည်။
၄င်းတို့ကို ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။
၄င်းတို့လေးဦးမှ ဦးဇေယျကျော်ကို ၂ဝ၂ဝခုနစ် မေလ ၉ ရက်နေ့တွင်တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ ကို ထပ်မံဖမ်းဆီးခဲ့သည်။
ယင်းနောက် ဦးဝေသောင်း ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်ကို မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။