- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပတ်မြို့၊ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အချို့အပါအဝင် ၁၅ ဦးခန့် သေဆုံးကြောင်း သိရသည်။
ကနန်ရွာမှ အထက်တန်းကျောင်းအနီးကို ယနေ့(ဇန်နဝါရီလ ၇ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးလေးလုံးကြဲချ၍ ထိုသို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။
သေဆုံးသူများအထဲတွင် အသက်မပြည့်သေးသည့် ကလေး(၄)ယောက် အပါအဝင် ဒေသခံ(၁၅) ယောက် သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကနန်ရွာဒေသခံများကို ကိုးကားပြီး Chin World က သတင်းဖော်ပြသည်။
ဒေသခံတစ်ဦးက “တစ်စီးထဲက(၄)ကြိမ်လောက်လာကြဲသွားတာ ကြဲတဲ့ဟာကလဲ အထက်တန်း ကျောင်းနားမှာပေါက်တာပေါ့ အဲ့ကျောင်းက အဆောင်တွေရော၊ အနားက အိမ်တွေပါ ပျက်စီးတယ်။ အသက်မပြည့်တဲ့ကလေးက(၄)ယောက်ရှိတယ် ၊ အားလုံး(၁၅)ယောက်ပွဲ ချင်းပြီးသေတယ်” ဟု ပြောသည်။
တနင်္ဂနွေနေ့သည် ဒေသခံပြည်သူများ ခရစ်ယန်ဘုရားကျောင်းတက်သည့်နေ့ဖြစ်ပြီး ဘုရားကျောင်း အနီးတွင် လူများစုရုံးနေကြစဉ် စစ်ကောင်စီ လေယာဉ်က ပစ်ချသည့် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ကနန်ကျေးရွာသည် ကလေး-တမူးအာရှလမ်းမကြီးပေါ်မှာရှိပြီး ချင်းလူမျိုးတွေအများစုနေထိုင်သည့် စံပြကျေးရွာ ဖြစ်ကြောင်း သိရသည်။
ခါမ်းပါတ်မြို့ကို တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလဆန်းတွင် တိုက်ခိုက်၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။
ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသနေရသည်ဟု သိရသည်။
ဓာတ်ပုံ- Chin World