သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရသည့် ကျောက်တော်မှမိုင်းထိလူနာတွင် နောက်ထပ်ခြေတစ်ဘက်ကိုလည်း ဖြတ်ပစ်ရမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့က မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားသူကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး နောက်ထပ်ခြေတစ်ဘက်ကိုလည်း ဖြတ်တောက်ပစ်ရမည်ဟု မိသားစုဝင်များက ပြောသည်။
မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားသူမှာ ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာမှ ဦးသန်းစိန်မောင် (၄၅ နှစ်)ဖြစ်သည်။
သူ့ကို ယမန်နေ့ ဇူလိုင်လ ၁ ရက် ညနေပိုင်းတွင် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ကျောက်တော်မှလူမှုကူညီရေးကားဖြင့် အရေးပေါ်ပို့ဆောင်လိုက်ရခြင်းဖြစ်သည်ဟု သားဖြစ်သူ ကိုကျော်သန်းက ပြောသည်။
“ပထတစ်ချောင်းက ပြတ်ထွက်သွားခဲ့တယ်လေ။ နောက်တစ်ချောင်းလည်း ခြေသလုံးကြွက်သားတွေ အားလုံး ပွင့်ထွက်သွားခဲ့ပါတယ်။ အရိုးပဲ ကျန်တယ်။ အဲဒါကိုလည်း ဖြတ်ပစ်ရမယ်လို့ ဆရာဝန်က ပြောပါတယ်”ဟု ပြောသည်။
လက်ရှိတွင် လူနာအခြေအနေမှာ သွေးအားနည်းကာ အားအင်ကုန်ခမ်းနေသေး၍ စောင့်ကြည့်ပြီးမှ ဖြတ်တောက်ရမည်ဟု ဆရာဝန်က ပြောသည်ဟုလည်း ကိုကျော်သန်းက ဆက်ပြောသည်။
ဦးသန်းစိန်မောင်သည် ယမန်နေ့ ဇူလိုင်လ ၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ဝက်မှိုင်းကျေးရွာ၏အနောက်ဘက် ကျောက်တော်အခြေစိုက် ခမရ (၃၇၅)တပ်အနီးရှိ ၉၉ တောင်တန်းဟုခေါ်သည့် တောင်တန်းသို့ နွားရှာရန်သွားစဉ် တောင်အောက်ရှိ ရထားလမ်းအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးသန်းစိန်မောင်တွင် ညာဘက်ခြေထောက်သည် ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဘက်ခြေပေါင်ရင်းမှစတင်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို ညာဘက်လက်သန်းနှင့် လက်သူကြွယ်တို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနောက်ဘက်ရှိ ဦးစွန်းတော်တောင်တွင်လည်း ဇွန်လ ၃ဝ ရက် နံနက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် ဇွန်လအတွင်းက ရသေ့တောင်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် စစ်ဘေးရှောင်၁ ဦးသေဆုံးပြီး ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလအတွင်းကလည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ မကြာခဏ မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်လာနေ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာများအနီးအနားနှင့် တောတောင်များတွင် အစိုးရက မိုင်းရှင်းလင်းပေးဖို့ အရေးတကြီးလိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ (NN-2)
ဓာတ်ပုံ - မိုင်းထိလူနာ ဦးသန်းစိန်မောင်အား ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့စဉ်။

ဆက်စပ် သတင်းများ