ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

၆ လခန့်ကြာဖမ်းဆီးပြီးနောက် ပလက်ဝဒေသခံလူငယ်တစ်ဦးကို AA ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) က ၆ လခန့်အကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် ပလက်ဝမြို့မှ ဒေသခံလူငယ် တစ်ဦးအား ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အသက် ၃ဝ အရွယ် ကိုအောင်စိုးဖြစ်ပြီး ၄င်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျောက်တော်မြို့မှ ပလက်ဝသို့ ပီချောင်းကိုဖြတ်၍ စက်လှေဖြင့် ပြန်လာစဉ် AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံသိန်းက ပြောသည်။

“အဲဒီတုန်းက အောင်စိုးနဲ့အတူ တခြား သုံးယောက်ပါသေးတယ်။ အဲဒီမှာ သူတို့က စက်လှေနဲ့လာတာကို ဖမ်းသွားခဲ့တာပေါ့။  သုံးယောက်ကို ရက်အနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခဲ့ပေမယ့်  အောင်စိုးကိုတော့ မနေ့ကမှ ပြန်လွှတ်ပေးခဲ့တယ်။ ၆ လလောက်ကြာခဲ့ တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုအောင်စိုးနှင့်အတူပါသည့် နောက်ထပ် ၃ ဦးကို ကိုအောင်စိုးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လခွဲခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့ကာ ကိုအောင်စိုးအား ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးစံသိန်းက ပြောသည်။

လက်ရှိတွင် ကိုအောင်စိုးအား ပလက်ဝမြို့မရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ထားကြောင်း ယနေ့ နေ့လယ် ၃ နာရီခန့်က တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းတာဝန်ရှိရဲဝန်ထမ်းက “သူ့ကို အေအေက ဖမ်းခေါ်သွားတာ။ အခုက အေအေကပဲ ပြန်လွှတ်ပေးလိုက်တာ။ သူ့ကို နည်းနည်းပါးပါး မေးစမ်းကြည့်ရအောင်ဆိုပြီးတော့ ရဲစခန်းကို ခေါ်ထားတာ။ စခန်းကို မရောက်သေးဘူး။ ခေါ်ထားတုန်းပဲရှိသေးတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုအောင်စိုးအား ရဲစခန်းသို့ မခေါ်မီ ပလက်ဝဆေးရုံသို့ ပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ ရဲစခန်းသို့ ခေါ်ဆောင်မည်ဖြစ်ကြောင်း ယင်း ရဲဝန်ထမ်းက ဆက်ပြောသည်။

ဆက်စပ် သတင်းများ