အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

AA နှင့်ပတ်သက်သည်ဟုဆိုကာ စွဲချက်တင်ခံလိုက်ရသည့် ဘူးသီးတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ရုံးတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်သည်ဟုဆိုကာ စွဲချက်တင်ခံလိုက်ရသည့် ဘူးသီးတောင်မြို့နယ်မှ  ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ယနေ့ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရုံးတင်စစ်ဆေးခံရသူနှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးမွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း(၆ဝ)နှစ်နှင့် တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက်(ခေါ်)သက္ကမလူမျိုး အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ (၆၆)နှစ်တို့ဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် တရားသူကြီးက ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို AA နှင့် ပတ်သက်မှုရှိ/မရှိနှင့် AA အား ငွေကြေးထောက်ပံ့ခြင်းရှိ/မရှိ စစ်ဆေးမေးမြန်းရာ ပတ်သက်မှုလည်း မရှိသလို တစ်စုံတရာထောက်ပံ့မှုလည်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြသည်ဟု မိသားစုဝင်များ ပြောသည်။

မိသားစုဝင်တစ်ဦးက “AA ကို ထောက်ပံ့ကြေးပေးလို့ရှိတယ်လို့ သူတို့က ပြောတယ်။ ဒီဘက်ကတော့ မရှိပါဘူး။ ကျနော်တို့ ပေးတာလည်း မရှိဘူး။ ကျနော်တို့ဆီကငွေတွေကောက်ခံတာလည်း မရှိဘူးအဲလိုပြောပါတယ်။ အဲလိုပြောတော့ မရှိဘူးဆိုရင် လက်မှတ်ထိုးဆိုလို့ လက်မှတ် ထိုးလိုက်ရတယ်”ဟု ပြောသည်။

သူတို့အမှုကို လာမည့် သြဂုတ်လ ၈ ရက်သို့ရုံးချိန်းခေါ်ယူလိုက်ပြီး ယင်းနေ့တွင် စွဲချက်တင်ခံရသူများ ဘက်မှ သက်သေ ၄ ဦးကို စစ်ဆေးမည်ဟု သိရသည်။

အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးသည် AA နှင့်ပတ်သက်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ၁၇(၂)တို့ဖြင့် ဇူလိုင်လ ၁၄ ရက်က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်
 
သူတို့နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်မှ နောက်ထပ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝ ဦးနှင့်အတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာက ခေါ်ယူမှုကြောင့် သွားရောက်ခဲ့စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ကျန် ၁ဝ ဦးကို စစ်တပ်က လွှတ်ပေးခဲ့သည်။

ယင်းသို့ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကြောရေးတွင် ရက်ပေါင်း ၂ဝ ကျော်ကြာ ချုပ်နှောင် စစ်ဆေးခံခဲ့ရပြီး စက်တင်ဘာ ၂၉ ရက်၊ ညနေပိုင်း၌ ဘူးသီးတောင် နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၃)သို့ လွှဲပြောင်းကာ ယင်းမှတဆင့် ရဲလက်သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းနေ့မှစတင်ကာ သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)ကို ထောက်ပံ့ကြေး ကောက်ခံ ပေးဆောင်သည်ဟု ဆိုကာ ဘူးသီးတောင် စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ၁၇(၁)ဖြင့် စတင်အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးစလုံးသည် ပုဒ်မ ၁၇(၁)အပြင် ပုဒ်မ ၁၇(၂)ဖြင့်ပါ ထပ်တိုးကာ စွဲချက်တင်ခံလိုက်ကြရခြင်းဖြစ်သည်။

ပုဒ်မ ၁၇(၁)သည် နှစ်နှစ်ထက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်ပြီး ၁၇(၂)သည် သုံးနှစ်ထက်မနည်း၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်ကြောင်း သိရသည်။ (NN-16)

ဓာတ်ပုံ - ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို  တွေ့ရစဉ်။

ဆက်စပ် သတင်းများ