ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

လွှတ်တော်ကိုယ်စားလှယ်သုံးဦးဖမ်းဆီးခေါ်ဆောင်ခံရမှု အကြမ်းဖက်ပုဒ်မနှင့်အမှုဖွင့်၊ မြို့နယ်ကျော်၍ ယူဆောင်သွားပြီဟု ရဲကပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ချစ်အိလှိုင်၊ ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖမ်းဆီးခေါ်ဆောင်ခံရမှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ ရဲစခန်းတွင် အကြမ်းဖက်မှုပုဒ်မနှင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် ဖမ်းဆီခံထားရသူ လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား မြို့နယ်ကျော်ပြီး ယူဆောင်သွားသည်ဟု သတင်းရရှိကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး သန်းနိုင်က ပြောကြားသည်။

“ ဒီဖမ်းဆီးခေါ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ပုဒ်မနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက် စစ်ဆေးလျှက် ရှိပါတယ်။ ကျွန်တော်တို့ကတော့ သတင်းတွေကို ခြုံပီးတော့လိုက်နေတာပေါ့နော်။ လောလောဆယ် ပေါင်းစပ်နေတယ်။ ကျွန်တော်တို့ နယ်မြေ အပိုင်ထဲကနေပြီးတော့။ တောင်ကုတ်အပိုင်ထဲမှာ မရှိဘူး။ သူတို့ ခေါ်ထုတ်သွားတာက တစ်နေရာပေါ့နော်” ဟု ရဲမှူး ရဲမှူးသန်းနိုင်က ဆက်ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁ဝ နာရီခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းအောင် (ပြည်နယ်လွှတ်တော်အမှတ် ၂)၊ ဒေါ်နီနီမေမြင့်( ပြည်သူ့လွှတ်တော်) နှင့် ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း) မြို့နယ် အတွင်းရှိ  ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရေး ပြုလုပ်နေစဉ် လက်နက်ကိုင် လူတစ်စုမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

“ဘယ်အဖွဲ့က ခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့က ခန့်မှန်းတာမဟုတ်ပါဘူး။ အတိကျ ပြောမယ်ဆိုရင် အေအေပေါ့။ နောက် ဘယ်သူရှိဦးမှာလဲ။ ရခိုင်ပြည်နယ်မှာ ဘုန်းကြီးကျောင်းကလည်း လာမခေါ်ဘူး။ ထမင်း စားဖို့ လာဖိတ်တာမှ မဟုတ်ဘူး။ ဖမ်းခေါ်သွားပါတယ်ဆိုမှ ဘယ်အဖွဲ့အစည်းက ခေါ်မလဲ။ ကြေငြာ ထားတယ်လေ။ သူတို့ အွန်လိုင်းမှာတောင်မှ ကြေငြာထားတာပဲ။ သူတို့အဖွဲ့တွေ စစ်ဆေးစရာ၊ မေးစရာရှိလို့ ခေါ်ထားပါတယ်လို့။ တရားဝင်ပြောထားတာပဲ။ အဲဒီတော့ သူတို့ကို မေးရင် ပိုကောင်းလိမ့်မယ်” ဟု ရဲမှူးက ပြောသည်။

ရဲမှူးသန်းနိုင်ပြောသော AA က ဖမ်းခေါ်သွားကြောင်း ထုတ်ပြန်ထားသော ကြေညာချက်စာရွက်မှာ အွင်လိုင်းတွင် ပြန့်နှံ့နေသော်လည်း ၎င်းစာရွက်မှာ အတုဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ရက္ခိုင့်တပ်တော် (AA) က အဆိုပါ ကြေညာချက်စာရွက်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် သုံးဦး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၁၂ နာရီ ၃ဝ မိနစ်ထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆို ထုတ်ပြန်ခြင်း မရှိသေးပါ။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့်အတူ မဲဆွယ် ခရီးစဉ်တွင် အတူ လိုက်ပါသွားကြသည့် NLD ပါတီဝင် ၃ ဦးဖြစ်ကြသည့် မအေေးအးနိုင်၊ ဦးသက်ထွန်း (ခ) ဖိုးထောင်၊ ကိုသန့်ဇင်ဖြိုး တို့ကိုဖမ်းဆီးခြင်းမရှိခဲ့ဟု သိရသည်။

၎င်းသုံးဦးအထဲမှ ကိုသန့်ဇင်ဖြိုးက ယမန်နေ့က RFA နှင့်အင်တာဗျူးတွင် ဖြေဆိုထားရာတွင် ၎င်းလက်နက်ကိုင် အဖွဲ့ဝင်များမှာ အေအေအဖွဲ့များဖြစ်ကြောင်း ဖြေဆိုထားပြီး လွှတ်တော်အမတ်လောင်းများကို ရိုက်နှက်မှုများ ရှိကြောင်း၊ ၎င်း၏ နဖူးကိုလည်း သေနတ်ပြောင်းဝနှင့် ထိုးကြောင်း ပြောဆိုထားသည်။

ရဲမှူးသန်းနိုင်က “လွတ်လာတဲ့ သုံးယောက်က တောင်ကုတ်ကို ပြန်ရောက်ပါပြီ။ ကယ်ထုတ်လာခဲ့ပြီးပြီ။ သူတို့ ကျန်နေရစ်ခဲ့တဲ့ ရွာကနေပြီးတော့။ သူတို့ကို ထိုးကြိတ်ထားခဲ့တယ်။ ဖုန်းတွေ ပိုက်ဆံတွေလည်း ယူသွားတယ်။ သူတို့ကတော့ ကြောက်နေတာပေါ့။ သူတို့ကို အားပေးပြီးတော့ မနေ့က ခေါ်လာတယ်။” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က အဆိုပါ လက်နက်ကိုင်အဖွဲ့မှာ အေအေအဖွဲ့ဟု ပြောဆိုထားသဖြင့် သတင်းမီဒီယာကျင့်ဝတ်အရ အေအေကို ဆက်သွယ်မေးမြန်းရမည် ဖြစ်သော်လည်း  ဆက်သွယ်မှုကို ဥပဒေအရတားမြစ်ထားသဖြင့် နိရဥ္စရာအနေဖြင့် သီးသန့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

RFA (မြန်မာပိုင်း)မှ AA ပြောခွင့်ရသူ ခိုင်သုခနှင့် ဆက်သွယ်ရာတွင် ၎င်းဖြစ်စဉ်ကို သူမသိသေးကြောင်း ပြောဆိုသည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ