သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဖမ်းဆီးခေါ်ဆောင်ခံရသူ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အဆက်အသွယ်မရ၍ မိသားစုဝင်များအထူးစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာတွင် အောက်တိုဘာ ၁၄ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို လက်နက်ကိုင်လူတစ်စုမှ ဖမ်းဆီး သွားပြီးနောက် မည်သည့် အဖွဲ့အစည်းမှ ဖမ်းဆီးသွားကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို အဆက်အသွယ်လည်း တစ်စုံတစ်ရာမရှိသေးသဖြင့် မိသားစုဝင်များ အနေဖြင့် အထူး စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ဦးမင်းအောင်၏ ဇနီးဖြစ်သူဒေါ်မြဝတ်ရည်က “ကိုယ့်အမျိုးသားအပြင် အမျိုးသမီးနှစ်ယောက်အတွက်တော့ အစ်မကတော့ အရမ်းစိတ်ပူနေတယ်။ ကိုမင်းအောင်က နေလည်းမကောင်းတော့ ဆေးတွေလည်း နဂိုတည်းကသောက်နေရတော့ သူ့ကျန်းမာရေးတွက် စိတ်ပူတယ်။ သူတို့ဘယ်နားရောက်နေမှန်းလည်းမသိ။ ဘယ်လိုနေရမှန်းလည်းမသိတော့ စိုးရိမ်တယ်။ အဓိက ဘယ်နေရာတစ်ခုမှ သက်ရှိထင်ရှား ရှိနေတယ် ဆိုလို့ရှိရင် အစ်မတို့က စိတ်မပူဘူး။ အခုတော့ ဘယ်နေရာကို ခေါ်သွားမှန်းလည်း  မသိတဲ့အခါ စိတ်ပူတယ်တအားကြီး။ အရမ်းစိတ်ပူနေရတယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖြစ်ကြသည်။

၄င်းတို့သုံးဦးမှာ ဖောင်းခါးကျေးရွာသို့ မဲဆွယ်စည်းရုံးရေးအတွက်  အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်က ရောက်ရှိပြီး ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် နေအိမ်တစ်အိမ်ပေါ်တွင် ထမင်းစားနေသည့် အချိန် ဓား၊ သေနတ်များ ကိုင်ဆောင်ထားသည့် လူတစ်စုမှ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံနေရစဉ် အတူရှိနေခဲ့သည့် ဒေါ်ချစ်ချစ်ချော၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်အေးအေးနိုင်က ပြောသည်။

“ထမင်းစားနေတဲ့အချိန်မှာ သေနတ်တွေနဲချိန်ပြီတော့ ကြိုးတုတ်။ အခုထထဆိုပြီး အစ်မတို့ကို ကြိုးနဲ့တုပ်တယ်။ ကိုမင်းအောင်ကိုလည်း သူတို့ကတစ်ချက်နှစ်ချက်လောက်ရိုက်လိုက်တယ်။ ကိုမင်းအောင်က အေးအေးဆေးပဲ နေတယ်။ သန့်ဇင်ဖြိုးကို သူတို့တွေက ရွာခံလို့ဆိုပြီး တော့ သူတို့တွေက သေနတ်တွေနဲ့ထုတာမျိုးလုပ်တယ်။ ဒေါ်နီနီမေမြင့်က လက်ဆေးလိုက်အုန်းမယ်ဆိုတော့ သူ့ကို ပါးကိုချတယ်။ ပြီးတော့ ကြိုးနဲ့တုပ်ပြီးတော့ ခေါ်သွားတယ်” ဟုပြောသည်။

သူမအား ၄င်းတို့လှေပေါ်သို့ သွားသည့် လမ်းတလျှောက်တွင် အမြန်လျှောက်ရန်စေခို်င်းပြီးကျောကုန်းကို တစ်ချက်ရိုက်ကြောင်း၊ သူမက ဗိုက်အောင့်သည်ဟု ပြောမိသဖြင့် ထပ်မံရိုက်နှက်ခံခဲ့ရကြောင်း ဆက်ပြောသည်။

“ ဒီလိုအလုပ်ခံရတာတော့ ကျွန်မအသည်းခိုက်အောင်နာပါတယ်။ အသားတွေဆတ်ဆတ်တုန်လောက်တဲ့ထိ တွေ့ပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ်က ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေသည် ပြည်သူတွေတွက် တစ်သွေးတည်း တစ်သားတည်း အလုပ်လုပ်နေတဲ့ လူတွေဖြစ်တဲ့ အတွက် ကျွန်မဘဝမှာ တစ်သက်တောင် မေ့နိုင်မယ် မထင်ဘူး။ သူတို့ကို လည်း စိတ်ပူပါတယ်။ ပြန်လွှတ် ပေးစေချင်တယ်”ဟုပြောသည်။

တောင်ကုတ်မြို့နယ် ရဲမှူး သန်းနို်င်က ၄င်အမှုကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့က မေးမြန်းစဉ်က ဖြေဆိုထားသည်။

ဆက်စပ် သတင်းများ