သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးပြန်လည်စိစစ်ပေးရန် UECကို လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့် နယ်မြေအဖြစ် ကြေညာခြင်း အပေါ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ပြန်လည် စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အောက်တိုဘာ ၂၂ ရက်နေ့က စာရေးတောင်းဆိုလိုက်သည်။

၎င်းလွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ရခိုင့်ဦးဆောင်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မတင်ညွှန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်နုနှင့် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းသိန်းတို့ ဖြစ်ကြသည်။

ပေါက်တောမြို့နယ်တွင် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု (၅၃) အုပ်စုရှိကြောင်း၊ ရခိုင့်ဦးဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကျေးရွာများသို့ ဆင်းပြီး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံပြီး ပါတီဆိုင်းဘုတ်များတင်ခြင်းနှင့် ပါတီမိတ်ဆက်ခြင်းတို့ကို လုပ်ဆောင်ရာတွင် နယ်မြေအခြေအနေ အေးချမ်းပြီး မဲဆန္ဒရှင်ပြည်သူများ လုံခြုံမှုရှိသည်ကို မြင်တွေ့ရကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ပေါက်တောမြို့နယ်သည် နယ်မြေအေးချမ်းသာယာပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၉ (င) အရ မဲဆန္ဒရှင်များမှာလည်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာချက်အမှတ် ၁၉၆/၂ဝ၂ဝ အားပြန်လည်စိစစ်ပြီး ပေါက်တောမြို့နယ်အား ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ကျင်းပနိုင်ရေးအတွက် ပြန်လည်စိစစ်ပေးပါရန် တင်ပြအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မတင်ညွှန့်က “ ကျွန်မတို့ ပေါက်တောမြို့နယ်က ကျေးရွာတွေကို ပါတီမိတ်ဆက်တဲ့ လုပ်ငန်းနဲ့ ဆိုင်းဘုတ်သွားတင်တဲ့အခါ နယ်မြေဒေသက အေးအေးချမ်းချမ်းဘဲ တွေ့ရပါတယ်။ သဘာဝ ဘေးအန္တရာယ်လည်း မရှိဘူး။ တိုက်ပွဲတွေလည်း ဖြစ်တာ မရှိဘူး။ နယ်မြေဒေသက အေးချမ်းတည်ငြိမ်တယ်လေ။ ဒါကြောင့် ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြန်လည်စိစစ်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မေတ္တာရပ်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ၅ နှစ်မှ တစ်ကြိမ်ကျင်းပခွင့်ရသည့် ရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးပိုင်ခွင့် မဆုံးစေလိုကြောင်း၊ ၅ နှစ်မှ တစ်ကြိမ်ရသည့် ရွေးကောက်ပွဲတွင် ပေါက်တောမြို့နယ် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခွင့် မဆုံးစေလို၍ ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အောက်တိုဘာ ၁၆ ရက်နေ့က ရခိုင်မှ မြို့နယ် ၉ ခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံ တို့ တွင် ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ကြေငြာသည်။

၎င်းအပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ  ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု တို့ကိုလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ