- Web Master
- ၂၅ မတ် ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၉/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လွှတ်တော် ၃ ရပ်စလုံး၌ ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
အနိုင်ရရှိသူများမှာ ANP ပါတီမှ အမျိုးသားလွှတ်တော်တွင် ဦးထွန်းအောင်ကျော်၊ ပြည်သူ့လွှတ်တော် ဦးအောင်မြကျော်၊ ပြည်နယ်လွှတ်တော် အမှတ် (၁)တွင် ဦးထွန်းထွန်းအောင်၊ ပြည်နယ်လွှတ်တော် အမှတ် (၂) ဦးအောင်သာနို့ တို့ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေက “ စစ်တွေမှာတော့ ကျမတို့ပါတီက ၄ နေရာစလုံး အနိုင်ရရှိပါတယ်။ ရခိုင်မှာ ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပလိုက်နိုင်တဲ့အတွက် ပြည်သူ တစ်သန်းကျော် အခွင့်အရေး ဆုံးရှုံးနေပါတယ်။ အဲဒီမြို့နယ်တွေမှာ လစ်လပ်မှုတွေ ဖြစ်နေတာပေါ့နော်။ ပြည်သူတွေ တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့တော့ ပြည်သူတွေအတွက် တာဝန်ခံမှု တာဝန်ယူမှု အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ပေးသွားမယ်လို့ ယုံကြည်ချက်ရှိပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့သည့် မြို့နယ် ၉ ခု ရှိပြီး အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ၎င်းဒေသမှ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောသည်။