အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် ငါးပူတင်းစားမိ၍ သားမိနှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၁၂/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မင်းဂံအကွက် (၉)တွင်နေထိုင်သူသားမိနှစ်ဦး ငါးပူတင်းစားမိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူများမှာ ဒေါ်သာအေးဖြူ (၆၂ နှစ်)နှင့် သားဖြစ်သူ ဦးအောင်ဝေထွန်း (၃၂ နှစ်)တို့ဖြစ်သည်။
၄င်းတို့သားမိသည် ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီခန့်က ငါးပူတင်းငါးကို ချက်စားမိကြရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
"မနေ့ကညနေ ၇ နာရီလောက်က ငါးပူတင်းကို ကျနော့်ညီနဲ့အမေ ၂ ယောက်စားကြတယ်။ ည ၉ နာရီမှာ အဆိပ်သင့်လက္ခာဏာတွေဖြစ်တဲ့ ခေါင်းမူးတယ်၊ အော့အန်တယ်။ ဒါကြောင့် စစ်တွေဆေးရုံကိုပို့တယ်။ ၁၀ နာရီမှာ အမေက ဆုံးပြီး ၁၁ နာရီမှာ ညီလေးဆုံးသွားတာပါ"ဟု မိသားစုဝင် ဦးသန်းထွန်းလင်းက နိရဥ္စရာကို ပြောသည်။
၎င်းတို့သားမိနှစ်ဦး ငါးပူတင်းငါးစား၍ သေဆုံးသွားကြခြင်းမှာ ဟုတ်မှန်သည်ဟုလည်း မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိရဥ္စရာကိုအတည်ပြုသည်။
သေဆုံးသူ ဦးအောင်ဝေထွန်းတွင် ဇနီးနှင့် သားသမီး (၂)ဦးကျန်နေခဲ့သည်ဟု သိရသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင်လည်း ဇူလိုင် ၆ ရက်နေ့ညက ငါးပူးတင်စားမိ၍ စစ်ဘေးရှောင်လင်မယားနှစ်ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။
Photo - Saya Mae facebook

ဆက်စပ် သတင်းများ