အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် တောင်ကိုရီးယားမှပြန်လာပြီး ရွာ၌ပရဟိတ လုပ်နေသူ လူငယ်တစ်ဦး ရေထဲပြုတ်ကျသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k


အောင်လင်းထွန်း
နိရဥ္စရာ သြဂုတ် ၁၂/၂၀၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်း၊ မီးကျောင်းရေသောက် ကျေးရွာမှ ပရဟိတ လုပ်ကိုင်နေသူ လူငယ်တစ်ဦး ယမန်နေ့က ရေထဲ လိမ့်ကျသေဆုံးသွားခဲ့ပြီး အလောင်းကို ယနေ့ နံနက်က ချောင်းကမ်းစပ်တွင် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ မေယူကမ်းဖွံ့ဖြိုးရေးအသင်း ဒုဥက္ကဋ္ဌ ဦးမောင်ကျန်ဝေနှင့် ကျောင်းဆရာဒေါ်မတင်ဝေ တို့၏သား ကိုခင်မောင်ကျော် (၃၀) နှစ်၊ အိမ်ထောင် မရှိ လူပျိုတစ်ဦးဖြစ်သည်ဟု သိရသည်။
“ သူက မနေ့ကရွာ ရှေ့က လမ်းခင်းတာက အပြန်ချောင်းမှာ ခြေဆေးတာက လိမ့်ကျသွားတာပါ။ အချိန်ကလည်း လင့်နေပြီ။ သူငယ်ချင်းတွေနဲ့ ပြန်အလာ ညဉ့် ၁၁ နာရီလောက်မှာပါ။ တံတားကနေ ခြေထောက်သွားဆေးတာမှာ ဒုတိယအကြိမ် ဆေးတဲ့အခါ တံတားပေါ်က ချော်ကျပြီး ရေထဲ ကျသွားပါတယ်။ ချောင်းထဲမှာ မနေ့က လိုက်ရှာကြပါသေးတယ်။ ဒီနေ့ မနက် ၆ နာရီ၊ ၇ နာရီ ဝန်းကျင်လောက်မှာတော့ ဒီရေအကျ ချောင်းကမ်းစပ်မှာ တင်လို့ သူ့အလောင်းကို တွေ့ပါတယ်။ အခုလို သေဆုံးသွားတာ မိသားစုရော၊ ရွာသားတွေရော အထူး စိတ်မကောင်းဖြစ်နေကြတယ်”ဟု သေဆုံးသူ၏ ညီဝမ်းကွဲတော်စပ်သူ သက်လွင်ဦးက ပြောသည်။
ကိုခင်မောင်ကျော်သည် ရပ်ရွာနှင့် ဒေသအတွင်း ပရဟိတလုပ်နေသူ တစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ခွဲအချိန်ခန့်က ကိုးရီယားနိုင်ငံမှ ပြန်လာသူ ဖြစ်သည်ဟု မေယူကမ်းဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဦးကျော်သန်းက ပြောသည်။
“ သူက ဘွဲ့ရပညာတတ်လူငယ်တစ်ဦးပါ။ ကိုရီးယားက ပြန်လာပြီး ဒီဒေသမှာ ပရဟိတလုပ်နေတဲ့ လူငယ်တစ်ဦးပါ။ အခုလို မတော်တဆ သေဆုံးသွားတော့ သူတို့ရွာအတွက်ရော၊ ဒေသအတွက်ပါ အထူးနစ်နာတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဦးကျော်သန်းက ပြောဆိုသည်။
ကိုခင်မောင်ကျော်အား ယနေ့ မွန်းလွဲ ၂ နာရီက ရွာတွင် သင်္ဂြိုလ်လိုက်သည်ဟု သိရသည်။
အဆိုပါ မီးကျောင်းရေသောက်ကျေးရွာမှာ မယူကမ်း စေတီပြင်နှင့် လောင်းချောင်းကျေးရွာအကြားတွင် တည်ရှိပြီး အများစုရွာသားများမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ